အာဏာသိမ်းစစ်ကောင်စီ၏ ခလရ(၂၉၈) တပ်ရင်းမှ ထွက်ခွာလာသည့် စစ်ကား ၃၈စီး ပါ ယာဉ်တန်းကို ယနေ့ မနက်တွင် တိုက်ခိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြသည်။
အဆိုပါ ခလရ (၂၉၈)သည် မြစ်ကြီးနား -တနိုင်းလမ်းရှိ ဒွန်ဘန်ကျေးရွာအခြေစိုက် တပ်ရင်းဖြစ်သည်။
အဆိုပါတပ်မှ စစ်ကား ၃၈စီးက မြစ်ကြီးနားဘက်သို့ ပြန်လည်ထွက်ခွာလာစဉ် မိနစ် ၂၀ခန့်အကြာ အောက်တိုဘာ ၁၁ရက် နံနက် ၉နာရီခွဲ ခန့်က KIA တပ်မဟာ(၂)၊ တပ်ရင်း (၂၀) နယ်မြေ လဝါး၊ ခွန်ဆိုင်ယန် သချိုုင်းကုန်းအနီးတစ်၀ိုက်၌ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ထိုသို့ တိုက်ခိုက်ခံရပြီး နာရီဝက်ကျော်အကြာတွင် အဆိုပါ စစ်ကောင်စီတပ်ကိုပင် လဝါးနှင့် စိုင်းလင်းချောင်းအနီး၌ KIAမှ ထပ်မံ ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ထိုသို့ တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာ လဝါးရွာ အနီးတ၀ိုက်သို့ လက်နက်ကြီး၊ လက်နက်ငယ် များ ရမ်းပစ်ခတ်ခဲ့ကြောင်း Kachinnet Burmese က သတင်းဖော်ပြသည်။

Public Service Announcement
ယနေ့နံနက် ၁၀နာရီ မိနစ် ၂၀ ခန့်အကြာတွင်လည်း စစ်ကားများ ထွက်ခွာလာသည့် ဒွန်ဘန်ရွာ နှင့် မရန်ကထောင်ရွာအကြားရှိ တာဝါတိုင်အနီးတွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်ကို KIAက တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် မြစ်ကြီးနား -နမ္မတီး- တနိုင်း လီဒိုလမ်းတွင် ယနေ့ တိုက်ပွဲ သုံးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက် ကျဆုံးမှု အခြေအနေများကိုမှု မသိရပေ။
KIAနှင့် စစ်ကောင်စီတပ်တို့သည် စက်တင်ဘာမှစ၍ တနိုင်း လီဒိုလမ်းပိုင်းတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသည်။
“လက်ရှိကတော့ ထူးထူးထွေထွေ စစ်ဆင်ရေး ဟိုဘက် ဒီဘက် ထိုးစစ်ဆင်ပြီးမှ လုပ်တာမတွေ့ရဘူး။ အခုလို သွားသွားလာလာ လမ်းပေါ်မှာ ဖြစ်တာပဲများတယ်။ KIAဘက်က တပ်စခန်းတွေ သွားဝင်တိုက်ပြီး တော့ သိမ်းတာမျိုးတော့ လောလော ဆယ်ဆယ်မရှိဘူး။ တပ်ကလည်း အဲဒီလို ထိုးစစ်ဆင်တာမရှိဘူး။ အခုအချိန်မှာ ရိက္ခာပို့တာတို့ တပ်ချိန်းတာတို့ အဲဒီပုံစံသွားလာတဲ့နေရာမှာ ဖြစ်ပြီးမှ တိုက်တဲသဘောပဲမြင်တယ်”ဟု ကချင်ဒေသခံ တစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေသည်ဟု ကြားရသော်လည်း အတိအကျ မသိကြောင်း ၎င်းက ဆိုသည်။


















































