မကွေးတိုင်းအတွင်းရှိဒေသတွင်း PDFများက အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းရန် ကာကွယ်ရေး စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အနီးဗုံးခွဲတိုက်ခိုက်ခြင်း၊ ရဲစခန်းနှင့်ရဲကင်းများအား ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ PDFများက ပြောသည်။
အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၄ နာရီခွဲ ခန့်က နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် တောင်ညိုဒေသရှိ အမှတ် (၈) လေကြောင်းရန် ကာကွယ်ရေး စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်နှင့် အမှတ် (၈) လေကြောင်းရန်ကာကွယ်ရေး တပ်ရင်း ၃၀၃၀ လမ်းဆုံတို့တွင် ဖိုးစောင်တောင့် လူငယ်ပျောက်ကျားတပ်ဖွဲ့ (Nay Pyi Taw) နှင့်ပူးပေါင်းပြီး ဗုံး (၃) လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်သည်။
အလားတူ ယမန်နေ့ည ၉နာရီ ခွဲခန့်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကတော လမ်းဆုံဂိတ်ရှိ ရဲကင်းအား ရှော့တိုက်ဒုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ည ၁၀နာရီခွဲ ခန့်တွင် ဆားလင်းကြီး PDF နှင့် ပူးပေါင်းကာ ဆားလင်းကြီးရဲစခန်း အား ရှော့တိုက်ဒုံး ၃ လုံးဖြင့် တိုက်ခိုက်နိုင်ခဲ့ကြောင်းမြိုင် PDF က အသိပေးသည်။
Non CDM သမားများအနေဖြင့် အမြန်ဆုံး ပြည်သူ့ဘက်သို့ပူးပေါင်း၍ CDM လုပ်ရန် ဖောက်ခွဲခြင်းဖြင့် သတိပေးလိုက်ကြောင်း၊ သတိပေးမှုကို မလိုက်နာဘဲ အကြမ်းစစ်တပ်နှင့်ပူးပေါင်းနေပါက ၎င်းတို့၏ အသက် အိုးအိမ် စည်းစိမ်ဥစ္စာများကို လုံးဝ (လုံးဝ) တာဝန်ယူမည် မဟုတ်ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကပြောသည်။

Public Service Announcement
ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြပါရန် မေတ္တာရပ်ခံထားသည်။
