မိုးကုတ်မြို့နယ်တွင် ကျောက်ကမ်းပါးယံ ပြိုကျပြီး နေအိမ်နှစ်လုံးပိမိ၍ လူနှစ်ဦးပိတ်မိခဲ့ရာ တစ်ဦးကို ကယ်ထုတ်နိုင်ပြီး တစ်ဦးကိုကယ်ထုတ်နေဆဲဖြစ်ကြောင်းဒေသခံများက ပြောသည်။
ယနေ့( နိုဝင်ဘာလ ၂ရက် )နံနက် ၇ နာရီဝန်းကျင်က မိုးကုတ်မြို့နယ် ရွှေဂူရပ်ကွက် ရွာသစ်ရပ်တွင် ကျောက်ကမ်းပါးယံသည် နေအိမ်နှစ်လုံးပေါ်သို့ ပြိုကျပြီး အမျိုးသားတစ်ဦးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပိတ်မိခဲ့သည်။ နာရီဝက်အကြာတွင် အမျိုးသမီးအား ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်အမျိုးသားအား ကယ်ဆယ်နေဆဲကြောင်း ဒေသခံ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောသည်။
“အမျိုးသမီးလူနာကိုတော့ မိုးကုတ်ပြည့်သူ့ဆေးရုံပို့ထားတယ်။ နောက်တစ်ယောက်ကတော့ ကယ်နေတုန်းပဲ”ဟု ဒေသခံကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
မိုးကုတ်မြို့တွင် ပြီးခဲ့သည့်မိုးတွင်းကာလကလည်း မြေပြိုကျမှုများဖြစ်ပွားကာ လူနေအိမ်များပိမိ၍ လူသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။