ကရင်နီလက်နက်ကိုင်တပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ခြောက်လအတွင်း တိုက်ပွဲ ၁၁၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၄၅၀ဦးသေဆုံးကာ စစ်ကောင်စီတပ်ယာဉ် ၁၉စီး ပျက်စီးခဲ့သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF) သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုဝင်ဘာလ ၁၆ ရက်နေ့အထိ ကရင်နီပြည်၏ စစ်ရေး၊ နိုင်ငံရေးအခြေအနေအကျဉ်းချုပ်ကို PKPFက ယနေ့ (နိုဝင်ဘာ ၁၆ရက်)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကရင်နီ(ကယား)ဒေသတွင် စစ်တပ်အာဏာသိမ်းပြီးနောက် မေလ ၂၀ရက်မှစတင်ပြီး ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များက စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ခဲ့သည်။
မေလတွင် တိုက်ပွဲ ၁၉ ကြိမ်၊ ဇွန်လတွင် ၁၈ ကြိမ်၊ ဇူလိုင်တွင် ၉ ကြိမ်၊ သြဂုတ်တွင် ၂၃ကြိမ်၊ စက်တင်ဘာတွင် ၂၁ကြိမ်၊အောက်တိုဘာတွင် ၁၇ ကြိမ်၊နိုဝင်ဘာတွင် ၁၀ကြိမ် စုစုပေါင်း ၁၁၇ ကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
တိုက်ပွဲများအတွင်း KA၊ KNDFနှင့် PDF စုစုပေါင်း ၃၂ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အရပ်သား ၁၀၂ ဦးအသက်ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်က မတရားဖမ်းဆီးခဲ့သည့် ပြည်သူ ၁၇၄ဦး ရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် စစ်ကောင်စီတပ်မှ ၄၅၀ ဦးသေဆုံးခဲ့ရာ မေလတွင် ၁၁၈ ဦး၊ ဇွန်လတွင် ၃၂ ဦး၊ ဇူလိုင်တွင် ၂၂ ဦး၊ သြဂုတ်တွင် ၉၄ ဦး၊ စက်တင်ဘာတွင် ၇၄ ဦး၊ အောက် တိုဘာတွင် ၅၉ ဦး၊ နိုဝင်ဘာလ၌ ၅၁ဦး ဖြစ်သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကြောင့် အရပ်သားပြည်သူများ၏ နေအိမ် ၄၂၁လုံးပျက်စီးခဲ့ရသည်ဟု ဆိုသည်။
ထို့ပြင် အကြမ်းဖက်စစ်ကောင်စီမှ ကက်သလစ်ဘာသာဝင် ဘုရားကျောင်း ခုနစ်ကျောင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသပ်ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ယင်းဘုရားကျောင်းများမှာ ဖယ်ခုံဘုရားကျောင်း ၂ကြိမ်၊ ကယန်းသာယာဘုရားကျောင်း၊ ဒီးမောဆိုစိန်ဂျိုစက်ဘုရားကျောင်း၊ ဒေါငံခါးငြိမ်းချမ်းရေးဘုရင်မ ဘုရားကျောင်း၊ ဒီးမောဆို နှစ်ခြင်းဘုရားကျောင်း၊ ဖရူဆိုဘုရားကျောင်း၊ (၆)မိုင်ဘုရားကျောင်း တို့ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။


















































