●ဖက်ဒရယ် ဒီမိုကရေစီကိုလူထုအင်အားဖြင့်ယူနိုင်ရန် စုဝေးမိနေပြီဟုပြော
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြန်သွားရန်မရှိ၍ အာဏာသိမ်းစစ်အုပ်စုနှင့် စေ့စပ်ဆွေးနွေးရေး ဖြစ်မဖြစ် သဘောပေါက်ရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၏ သတင်းစာရှင်းလင်းပွဲတွင် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က ရှင်းလင်းပြောကြားသည်။
ယနေ့ ပြုလုပ်သည့် NUCC သတင်းစာရှင်းလင်းပွဲကို စေ့စပ်ဆွေးနွေးရေးနှင့်ပတ်သက်သည့် သဘောထားကို သတင်းထောက်တစ်ဦးက မေးမြန်းလာသည့်အပေါ်အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဝင်လည်းဖြစ်သောဦးမင်းကိုနိုင်က ဖြေကြားခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့်နှစ်မျးက စစ်အုပ်စု၏ မတရားသဖြင့် ပြုကျင့်ခံရသည့် နိုင်ငံရေးနှင့်ပတ်သက်ပြီး ရက်စက်စွာ ဖြိုခွင်းခံရသည့် ကြမ်းကြုတ်မှုဒဏ်များခံခဲ့ရသည့် နိုင်ငံရေးသမားများ၊ ပြည်သူများ၊ ကျောင်းသားများအား မေးလေ့ရှိသည့် မေးခွန်းတစ်ခုရှိကြောင်း၊ ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးစားနေချိန်တွင် မေးမြန်းသည့်မေးခွန်းမှာ စစ်အုပ်စုကို ခွင့်လွှတ်နိုင်မလားဆိုသည့် မေးခွန်းဖြစ်ကြောင်း ဦးမင်းကိုနိုင်က ပြောပြသည်။

Public Service Announcement
“ခွင့်လွတ်တယ် မခွင့်လွှတ်ဘူးလို့ ကာယကံရှင်က ဖြေရအောင် အဲဒီ ပြုခဲ့တဲ့ ကာယကံရှင်ကရော ခွင့်လွှတ်ပါ၊
မှားသွားပါတယ်လို့ ဝန်ခံလို့လား ဒါအရေးကြီးတာနော်။ အခုလည်း ဘယ်လိုဖြစ်သလဲဆိုတော့ ဒီအတိုင်းပဲ သွားကြမှာလား စေ့စပ်ဆွေးနွေးပွဲကို လက်မခံဘူးလားဆိုတဲ့ မေးခွန်းကလည်း ဒီလိုပဲ ဘယ်သူတွေက စေ့စပ်ဆွေးနွေးပွဲကို ဦးတည်နေလို့လဲ။ ဒါတော်တော်မေးခွန်းထုတ်စရာ ကောင်းပါတယ်။ လက်တွေ့ဖြစ်နေတဲ့ အခင်းအကျင်းတွေ အပြုအမူတွေကရော စေ့စပ်ဆွေးနွေးပွဲကို ဖြစ်နိုင်တဲ့ အခြေအနေမို့လို့လား။ ဒါကိုစဉ်းစားစေချင်ပါတယ်။ သူက ယုတ္တိယုတ္တာရှိရင် ကောင်းတယ်။ နောက်ပြီးတော့ အခြေခံအချက်အလက်တွေအများကြီးလိုတယ် အဲဒီအတွက်က” ဟု ဦးမင်းကိုနိုင်က စေ့စပ်ဆွေးနွေးရေး ဖြစ်လာနိုင်ခြင်းရှိ၊မရှိ အခြေအနေနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
ကျွန်တို့ကို ခွင့်လွှတ်နိုင်လားလို့ မမေးခင်သူတို့ကို တောင်းပန်မှာလားလို့ အရင်မေးပါအုံးဟုလည်း ဦးမင်းကိုနိုင်က စေစပ်ဆွေးနွေးပွဲမေးခွန်းထုတ်မှုများနှင့်ပတ်သပ်၍လည်း People’s Spring သို့သီးခြားမှတ်ချက်ပြုသည်။
ပြဿနာဖြေရှင်းရာတွင် ဖြေရှင်းသည့် ပုံစံအမျိုးမျိုးရှိကြောင်းလည်း ဦးမင်းကိုနိုင်ကဆက်ပြောသည်။
“စကားပြောပြီး ဖြေရှင်းတာတွေရှိသလို တကယ်ကို ရွတ်ရွတ်ချွံချွံ ပြန်ပြီးတော့ ခုခံပြီးတော့ ဖြေရှင်းရတာ တွေရှိတယ်။ ဒီဟာတွေဟာ မေးစရာရှိတယ်။ ကျွန်တော်တို့က ၂၀၀၈ ဆိုတဲ့ ဖွဲ့စည်းပုံအောက်ကိုတော့ ပြန်သွားမှာ မဟုတ်ဘူးနော်။ဒါကတော့ ကျွန်တော်တို့ သေချာတယ်။ ဒီလောက်ဆို တော်တော်ကြီးကို သဘောပေါက်မယ် လို့ထင်တယ်။ ပြီးတော့ အာမခံချက်တွေလိုတယ်။ အနာဂတ်ပြည်ထောင်စုမှာ လက်နက်ကိုင်ပြီးတော့ ဝင်ရောက်စိုးမိုးတဲ့ နေရာယူတဲ့ အမူအကျင့်တွေကို တကယ် ပြောင်းလဲနိုင်လား။ ဝန်ထမ်းက ဝန်ထမ်းလို သဘောထားနိုင်လား စသဖြင့်ပေါ့ အဲဒီလို အချက်အလက်တွေက ကျွန်တော်တို့မှာ မေးခွန်းထုတ်စရာတွေရှိတယ်” ဟု ဦးမင်းကိုနိုင်က ပြောသည်။
NUCC အပါအဝင် တော်လှန်ရေးအင်အားစုများသည် ကိုယ်ပိုင်လမ်းပြမြေပုံများရှိသကဲ့သို့ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ကြရမည်ဖြစ်ကြောင်း၊ ဆွေးနွေးရေး ကိစ္စ၊ တော်လှန်ရေးမြန်မြန်မည်ကဲ့သို့ အမြန်ပြီးအောင် ဆောင်ရွက်မည်ဆိုသည်မှာ အခြေခံအချက်အလက်များစွာအပေါ် မူတည်နေကြောင်း ၎င်းက ဆက်ပြောသည်။
NUCC သည် နွေဦးတော်လှန်ရေးက ပေါက်ဖွားလာခြင်းဖြစ်ပြီး ပြည်သူများ၏ ကြိုးပမ်းမှု အသီးအပွင့်ဖြစ်ကြောင်း၊ ရာနှုန်းပြည့် မပြည့်စုံသော်လည်း လက်ရှိ အခြေအနေမှာ ဖက်ဒရယ်၊ ဒီမိုကရေစီ အရေးအတွက် မည်သူ၏ ပေးသနားမှုမှမဟုတ်ဘဲ မိမိအင်အားဖြင့် ရယူနိုင်ရန် အတွက် စုဝေးမိနေပြီဖြစ်ကြောင်း ဦးမင်းကိုနိုင်က ပြောသည်။
“တစ်သက်လုံးအနိုင်ကျင့် ဖျက်ဆီးခဲ့တဲ့ စစ်အာဏာ ရှင်စနစ် စိုးကို ကျွန်တော်တို့ ပြန်အံတုနိုင်ပြီ။ အပြီးအပြတ်အနိုင်ယူဖို့ လက်တွဲနေကြပြီ” ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။


















































