ကလေးမြို့ရှိ အာဏာသိမ်းစစ်ကောင်စီ၏ အမှတ်၆၄၄ စစ်လက်နက်ပစ္စည်းတပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဇိုလန်း (PDF Zoland) နှင့် CDM – Siyin( CDF-KKG တပ်ရင်း ၂) ပူးပေါင်း အဖွဲ့ တို့က ယနေ(နိုဝင်ဘာ ၂၁) ညနေ ၆နာရီခွဲ အချိန်တွင် တိုက်ခိုက်ခဲ့ကြောင်း PDF-Zoland ကသတင်းထုတ်ပြန်သည်။
အမှတ် ၆၄၄ စစ်လက်နက်ပစ္စည်းတပ်ရင်းကိုတိုက်ခိုက်ရာ ယမ်းသိုလှောင်ရုံ တချို့ပေါက်ကွဲပျက်စီးမှုများရှိခဲ့ပြီး၊စစ်ကောင်စီတပ်ဖွဲဝင်များ ထိခိုက်သေဆုံးမှုရှိသည်ဟု ကနဦးသတင်းရရှိသည်ဟုဖော်ပြထားသည်။ သို့သော် စစ်ကောင်စီတပ် သေဆုံးထိ့ခိုက်မှုအရေအတွက်အသေးစိတ်ဖော်ပြထားခြင်းမရှိသေးပေ။
အဆိုပါတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအားလုံး ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်းလည်းပါရှိသည်။
ထိုအပြင် CDF (KKG)-ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(ကလေး-ကဘော်-ဂန်ဂေါ် ) တပ်ရင်း ၅ နှင့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (ဂန့်ဂေါ်)-YDF(Gangaw)တို့ပူးပေါင်း၍ နိုဝင်ဘာ (၂၁) ရက် မွန်းလွှဲ (၁) နာရီဝန်းကျင်တွင် ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ကား (၅) စီးကို ခေါက်ခူရွာနှင့် ရှောက်ပင်ရွာအကြား မိုင်း (၁၂) လုံးဆွဲ တိုက်ခိုက်ခဲ့ရာကား (၂) စီးထိခိုက်ပျက်စီးသွားခဲ့သည်ဟု CDF (KKG)ကလည်းသတင်းထုတ်ပြန်သည်။မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိသော်လည်း အတိအကျကိုမူ အတည်မပြုနိုင်ဟုဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းအဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်းထုတ်ပြန်ထားသည်။
သို့သော် မိုင်းဆွဲခံလိုက်ရသော စစ်ကောင်စီတပ်များကရှောက်ပင်ရွာမှ နေအိမ် (၃) လုံးကို မီးရှို့သွားခဲ့ကြောင်းလည်းပါရှိသည်။