အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ကား ၃၃စီးပါ ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့(ဒီဇင်ဘာ၄)တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။
KIA တပ်မဟာ(၈) တပ်ရင်း (၃၅)နယ်မြေ ပင်ဝေနှင့် မော်လူးကြား စစ်အသုံးအဆောင် ပစ္စည်းများ သယ် ဆောင်လာသည့် ယာဥ်တန်းကို ဒီဇင်ဘာ ၄ရက် နံနက် ၁၀နာရီခွဲတွင် KIA တပ်ဖွဲ့များက မိုင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmeseက ဖော်ပြသည်။

စစ်ကား ၃၃စီးပါ စစ်ယာဉ်တန်းကို နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
စစ်ကောင်စီတပ်မှ စစ်အင်အားတိုးချဲ့ကာ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေ၍ ဒီဇင်ဘာ၃ရက် နံနက်ပိုင်းကလည်း ဗန်းမော်မြို့အနီး ပါပေါင်းကျေးရွာတွင် KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement
အဆိုပါ တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီတပ်မှ ပါပေါင်းကျေးရွာအတွင်း လူနေအိမ်များသို့ လက်နက်ကြီးပစ်ခတ်၍ လက်နက်ကြီးကျည်ထိမှန်ကာ ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း Kachinnet Burmeseက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းကလည်း KIA တပ်မဟာ(၆)၊ တပ်ရင်း(၉)နယ်မြေ ကွတ်ခိုင်ဒေသ၌ လည်းကောင်း၊ တပ်မဟာ(၉) တပ်ရင်း (၂၆) နယ်မြေ၌လည်းကောင်း ၊ တပ်မဟာ( ၈) တပ်ရင်း (၃၅)နယ်မြေ မိုညှင်းဒေသ၌လည်းကောင်း တိုက်ပွဲများဖြစ်ခဲ့သည်။


















































