အရပ်သားအစိုးရလက်ထက်တွင် အကောင်အထည်ဖော်ခဲ့သည့် LNG (သဘာဝဓာတ်ငွေ့ရည်) ဓာတ်အားပေးစက်ရုံများသည် စစ်တပ်အာဏာသိမ်းထားသည့် ကာလအတွင်း ရပ်ဆိုင်းသွား၍ နိုင်ငံ့ဓာတ်အားစနစ်အတွင်း လျှပ်စစ်ထုတ်လုပ်မှု ၁၈ ရာခိုင်နှုန်းလျော့ကျသွားသည်။
ထိုသို့ရပ်ဆိုင်းသွားခြင်းမှာ အကြမ်းဖက်စစ်ကောင်စီက ကုမ္ပဏီများကို ပေးချေရမည့် ငွေများမပေးနိုင်တော့၍ ကုမ္ပဏီများက လုပ်ငန်းရပ်ဆိုင်းခြင်းဖြစ်သည်ဟု စွမ်းအင်ကုမ္ပဏီများထံမှ သိရသည်။
သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကမူ ပြည်ပက တင်သွင်းရသည့် ဓာတ်ငွေ့ဈေး လေးဆခန့်မြင့်တက်သွားခြင်းကြောင့် ရပ်တန့်ထားရသည်ဟု ဇန်နဝါရီ ၅ ရက်စွဲဖြင့် ထုတ်ပြန်ဝါဒဖြန့်ထားသည်။
“ဝန်ကြီးဌာနက ငွေပေးချေဖို့ အခက်အခဲဖြစ်နေလို့ ကုမ္ပဏီက ဆက်မလုပ်တာ ဈေးတက်တယ်ဆိုတာလည်း ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းပါပဲ”ဟု လျှပ်စစ်ထုတ်လုပ်နေသည့် ကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement
အကြမ်းဖက်စစ်ကောင်စီက ယခုကာလတွင် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၁၄၇၀ မဂ္ဂါဝပ် လျော့နည်းမည်ဟု ထုတ်ပြန်ထားသည်။ ထိုပမာဏသည် တနိုင်ငံလုံး လျှပ်စစ်ဓာတ်အားအမြင့်ဆုံးထုတ်လုပ်နိုင်မူ၏ ၃၅ ရာခိုင်နှုန်းရှိသည်။ တနိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားအမြင့်ဆုံးထုတ်လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၄၂၀၀ ရှိသည်။

ထိုထဲတွင် LNGစီမံကိန်းများရပ်ဆိုင်းခြင်းကြောင့် ဓာတ်အား ၇၅၀ မဂ္ဂါဝပ်၊ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း နှစ်စဉ်ထိန်းသိမ်းခြင်းကြောင့် ဓာတ်အားပေးစက်ရုံများ ရပ်ဆိုင်းခြင်း ကြောင့် မဂ္ဂါဝပ် ၅၄၀လျော့နည်းခြင်းနှင့် ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းမှ ဓာတ်အား ပို့လွှတ်ရေးတာဝါတိုင်များ ပျက်စီးခြင်းကြောင့် မဂ္ဂါဝပ် ၁၈၀လျော့ခြင်းတို့ကြောင့်ဖြစ်သည်ဟုဆိုသည်။ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း သည် ဇန်နဝါရီ ၇ ရက်တွင် ပုံမှန်ပြန်လည် လည်ပတ်မည်ဟုဆိုသည်။ သို့သော်လည်း ဓာတ်အားပြတ်တောက်မူများ ဆက်လက်ဖြစ်မည်ဟုလည်း ဆိုထားသည်။
ထိုကြောင့် မနက် ၇နာရီမှ နေလယ် ၁၁ နာရီ၊ ညနေ ၅နာရီမှ ည ၇ နာရီအတွင်း ဓာတ်အားပြတ်တောက်မှုများ အချိန်မရွေးဖြစ်ပေါ်နိုင်သည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် ဝန်ကြီးဌာနက ဆိုသည်။
“စစ်တပ်အာဏာသိမ်းလိုက်တော့ နွေရာသီမီးမပျက်စေဖို့ လုပ်ထားတဲ့ ဓာတ်အားပေးစီမံကိန်းတွေ အကုန်ရပ်သွားတယ်။ ဒီနှစ်နွေမှာ ဓာတ်အားပြတ်တောက်မူ အကြီး အကျယ် ကြုံတွေ့ရလိမ့်မယ်”ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အရာရှိတစ်ဦးက ပြောသည်။
အရပ်သားအစိုးရလက်ထက်တွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ၌ မဂ္ဂါဝပ် (၃၀၀၀) ခန့်ထွက်ရှိမည့် LNG စီမံကိန်း (၃)ခု နှင့် ၂၀၁၉တွင် မဂ္ဂဝါဝပ် ၉၀၀ထွက်ရှိမည့် LNG စီမံကိန်း ၃ ကို လုပ်ကိုင်ခွင့်စတင်ပေးခဲ့ပြီး ၃နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။
သဘာဝဓါတ်ငွေ့အရည် (LNG) ဖြင့် ဓာတ်အားထုတ်လုပ်မည့် သာကေတ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများသည် ၂၀၂၀ ဇွန်လတွင် ဓာတ်အားစတင်ထုတ်လုပ်ခဲ့သည်။ နွေရာသီတွင် မီးမပျက်စေရန် သဘာဝဓာတ်ငွေ့သုံး စီမံကိန်းငါးခုဖြစ်သည့် ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့်သာကေတတို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သောအစိုးရလက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
