Connect with us

Hi, what are you looking for?

News

တတိယမြောက် ဟိုက်ပါဆောနစ် ဒုံးကျည် စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယား ကြေညာ

ဟိုက်ပါဆောနစ် မြန်နှုန်းမြင့် နည်းပညာသုံး တတိယမြောက် ဒုံးကျည်ကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း မြောက်ကိုရီးယားက ကြေညာပါတယ်။

ဇန်နဝါရီ ၁၁ ရက်မှာ မြောက်ကိုရီးယားဟာ တစ်ပတ်မပြည့်ခင် အချိန်အတွင်း ဒုတိယမြောက် ဒုံးကျည်တစ်စင်းကို စမ်းသပ်ခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ အစိုးရ မီဒီယာတွေက ဒီဒုံးကျည်ဟာ ဟိုက်ပါဆောနစ် နည်းပညာသုံး လက်နက် စမ်းသပ်မှုဖြစ်ပြီး နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းကိုယ်တိုင် စောင့်ကြည့်ခဲ့တယ်လို့ ဖော်ပြသွားပါတယ်။

အခုဆိုရင် မြောက်ကိုရီးယားက အသံရဲ့ မြန်နှုန်းထက် အများကြီးပိုအောင် ပျံသန်းနိုင်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ စမ်းသပ်ကြောင်း ကြေညာခဲ့ဖူးတာ ၃ ကြိမ် ရှိပါပြီ။ ၂၀၂၂ နှစ်သစ်ကူး ကာလမှာ ကင်မ်က သူဟာ နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို ထူးထူးကဲကဲ မြှင့်တင်ဖို့ ဆန္ဒရှိကြောင်း ပြောဆိုခဲ့ပြီး မကြာခင်မှာပဲ ဒုံးကျည်တွေ ၂ ကြိမ်ဆက် စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က ဒုံးကျည် ပစ်လွှတ်မှုကို အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံ ၆ ခုက ကန့်ကွက် ရှုတ်ချပြီး မြောက်ကိုရီးယား အနေနဲ့ ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်စေတဲ့ အပြုအမူတွေ ရပ်တန်းက ရပ်သင့်ပြီလို့ သဘောထား ထုတ်ပြန်ခဲ့ပါသေးတယ်။ တောင်ကိုရီးယား စစ်ဘက်ကတော့ မြောက်ကိုရီးယားရဲ့ ဟိုက်ပါဆောနစ် နည်းပညာ စမ်းသပ်တယ်ဆိုတဲ့ အဆိုကို အတည်မပြုပေမယ့် ဒုံးကျည်တွေရဲ့ မြန်နှုန်းဟာ တစ်ကြိမ်စမ်းသပ်တိုင်း ပိုပိုတိုးလာတာကိုတော့ ဝန်ခံခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်အရ အခုနောက်ဆုံး ပစ်လွှတ်တဲ့ ဒုံးကျည်ဟာ ကီလိုမီတာ ၆၀၀ လောက် အကွာအဝေးထိ ပျံသန်းခဲ့ပြီး ပစ်မှတ်ကို တိတိကျကျ ထိမှန်ခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားဟာ ဟိုက်ပါဆောနစ် နည်းပညာ အသုံးပြုတယ်လို့ ကြေညာထားတဲ့ ဒုံးကျည်တစ်စင်းကို မနှစ်က စက်တင်ဘာလမှာ ပထမဆုံးအကြိမ် စမ်းသပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟိုက်ပါဆောနစ် နည်းပညာဟာ အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့လို လက်နက် အင်အားကြီး နိုင်ငံတွေကြားမှာ နောက်ဆုံးပေါ် ပြိုင်ဆိုင်နေတဲ့ နယ်ပယ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီနည်းပညာဟာ တိုက်ချင်းပစ် ဒုံးကျည် နည်းပညာနဲ့ လုံးဝ ကွဲပြားပြီး မြန်နှုန်း အရမ်းမြင့်မြင့် ပျံသန်းနိုင်သလို ကြားဖြတ် ပစ်ချနိုင်ဖို့ မဖြစ်နိုင်သလောက်နီးနီး ခက်ခဲပါတယ်။ ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်းဟာ အသံရဲ့ မြန်နှုန်းထက် ၅ ဆ၊ တစ်နည်းအားဖြင့် တစ်နာရီကို ကီလိုမီတာ ၆၂၀၀ နှုန်းလောက်နဲ့ ပျံသန်းတာကြောင့် ခြေရာခံ ရှာဖွေဖို့၊ ပစ်ချဖို့ ခက်သထက် ခက်သွားစေပါတယ်။

အခုတော့ မြောက်ကိုရီးယားကလည်း ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ပိုင်ဆိုင်ဖို့ အပြိုင်ကြိုးစားနေတဲ့ လက်တစ်ဆုပ်စာ နိုင်ငံ စာရင်းမှာ ပါဝင်လာခဲ့ပါပြီ။ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က မြောက်ကိုရီးယားရဲ့ လက်နက် စမ်းသပ်မှုတွေကို ဖိအားပေး တားဆီးနေပေမယ့် ကင်မ်ရဲ့ အစိုးရကတော့ ဖီဆန်ပြီး ရှေ့ဆက်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။