စစ်တပ်အာဏာသိမ်းထားမူကြောင့် ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ် စံချိန်တင်ကျဆင်းခဲ့ပြီး စာရင်းဝင် ကုမ္ပဏီအများစုလည်း လုပ်ငန်းများအရှုံးပေါ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်သောစာရင်းများတွင်ဖော်ပြထားသည်။
ရှယ်ယာအရောင်းအဝယ်သည် ရန်ကုန်စတော့ အိတ်ချိန်းစတင်ဖွင့်လှစ်ခဲ့သည့် ခြောက်နှစ်အတွင်း ၂၀၂၁ ခုနှစ်တွင် စံချိန်တင်ကျဆင်းပြီး တစ်နှစ်လုံးရှယ်ယာအရောင်းအဝယ်သည် ကျပ် ၄ ဘီလီယံသာရှိခဲ့သည်ဟု ရန်ကုန်စတော့အိတ်ချိန်းတွင် ထုတ်ပြန်သောစာရင်း၊ဇယားများအရသိ့ရသည်။
ထိုပမာဏသည် ရန်ကုန်စတော့အိတ်ချိန်းစတင်ခဲ့သည့် ၂၀၁၆ ခုနှစ်ဖြင့် နှိုင်းယှဉ်ပါက ၁၇ ဆကျော် လျော့နည်းခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကာလရောဂါဖြစ်သည့် ၂၀၂၀ ပြည့်နှစ် နှိုင်းယှဉ်ပါက အနည်းဆုံး ၃ ဆကျော်လျော့ကျသွားခြင်းဖြစ်သည်။
၂၀၁၆ခုနှစ်တွင် ရှယ်ယာအရောင်းအဝယ်သည် ကျပ် ဘီလီယံ ၇၀ကျော်နှင့် ၂၀၂၀ တွင်ကျပ်၁၂ဘီလီယံကျော်အရောင်းအဝယ်ဖြစ်ခဲ့သည်။

Public Service Announcement
ရန်ကုန်စတော့အိတ်ချိန်းတွင်ရှယ်ယာ အရောင်းအဝယ်ကျဆင်းခြင်းအပြင် စာရင်းဝင်ထားသည့် ကုမ္ပဏီများတွင်လည်း အရှုံးပေါ်ခြင်းနှင့်ဝင်ငွေအဆမတန်လျော့ကျခြင်းတို့ဖြစ်ခဲ့သည်ဟု ကုမ္ပဏီများက ထုတ်ပြန်သော နှစ်ပတ်လည်အစီရင်ခံစာများတွင်ဖော်ပြထားသည်။
“COVID-19 ရောဂါက လူတိုင်းအပေါ် ထိခိုက်စေပါတယ်၊ ကူးစက်ရောဂါက နိုင်ငံအတွက်နှောက်ယှက်မူများစွာ အပြင်ဆိုးရွားတဲ့ စိတ်ဖိစီးမှုကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်၊နောက်ထပ်စိန်ခေါ်မူတစ်ရပ်အနေနဲ့က ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို လက်ရှိနိုင်ငံရေးအခြေအနေမှာ ဆက်လက်ရပ်တည်နိုင်အောင် ကြိုးစားနေရခြင်းဖြစ်ပါတယ်”ဟု ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် FMI ကုမ္ပဏီ ဥက္ကဌ ဦးသိမ်းဝေကကုမ္ပဏီနှစ်ပတ်လည်အစီရင်ခံစာတွေ ပြောခဲ့သည်။
FMIကုမ္ပဏီသည် ၂၀၂၁တွင် ဝင်ငွေ ကျပ်ဘီလီယံ ၃၀၀ကျော်ရှိခဲ့သော်လည်း ၂၀၂၀ နှစ်ဖြင့် နှိုင်းယှဉ်ပါကဝင်ငွေ၉ ဒသမ ၃ ရာခိုင်နှုန်းလျော့ကျခဲ့သည်ဟု ဦးသိမ်းဝေကဆိုသည်။ လက်ရှိဖြစ်ပေါ်နေသော စိန်ခေါ်မူများကြောင့် ယခုနှစ်တွင် အမြတ်ငွေ ပေးနိုင်မည်မဟုတ်ကြောင်းလည်း ၎င်းကဆက်ပြောသည်။
ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် တယ်လီကွန်းကုမ္ပဏီတစ်ခုဖြစ်သည့် TMHကုမ္ပဏီကလည်း ယခုနှစ်တွင်ဝင်ငွေ ကျပ် ၃ ဘီလီယံရှိခဲ့ပြီး မနှစ်ဖြင့် နှိုင်းယှဉ်ပါက ၄၇ ရာခိုင်နှုန်းလျော့နည်းခဲ့သည်ဆိုသည်။ ထိုကြောင့် ယခုနှစ်တွင် ကုမ္ပဏီက ကျပ် သိန်း ၇၀၀၀ အရှုံးပေါ်ခဲ့ရသည်ဟုသိ့ရသည်။
ယခုနှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ခဲ့သည့် ခရီးသွားလုပ်ငန်းကုမ္ပဏီ Amata သည်လည်း ယခုနှစ်တွင် ရငွေ ကျပ်တစ်ဘီလီယံခွဲသာရှိပြီးအရှုံးပေါ်ခဲ့သည်ဟုဆိုသည်။ ယခင်နှစ်ကဝင်ငွေ ကျပ် ၁၀ ဘီလီယံကျော်ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ရန်ကုန်စတော့အိတ်ချိန်းဝင် ဘဏ်ကုမ္ပဏီနှစ်ခုဖြစ်သည့် ပထမပုဂ္ဂလိဘဏ်(First Myanmar Private Bank )နှင့် မြန်မာနိုင်ငံသားများဘဏ်( Myanmar Citizen Bank)တို့မှာလည်းအမြတ်များရရှိခဲ့သော်လည်း အစုရှယ်ယာရှင်များ အမြတ်ခွဲဝေမပေးနိုင်ဟုဆိုသည်။
မြန်မာနိုင်ငံသားများဘဏ်-MCBက ရလမ်းမရှိသော ၊ ရရန် မသေချာသော ချေးငွေ (Non Performing Loan)များသည် ချေးငွေစုစုပေါင်း၏ ၅ ရာခိုင်နှုန်းအထက်ရှိနေသောကြောင့် အမြတ်ခွဲဝေမပေးနိုင်ဟုရှင်းလင်းထားသည်။
ပထမပုဂ္ဂလိကဘဏ်-FPBဘဏ်ကလည်း ရရန်မသေချာသောချေးငွေများသည် ၂၀၂၀ စက်တင်ဘာတွင် ၈ ရာခိုင်နှုန်းကျော်သာရှိခဲ့ရာမှ ၂၀၂၁ စက်တင်ဘာတွင် ၁၇ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းကြောင့် အမြတ်ငွေထုတ်မပေးနိုင်ခြင်းဖြစ်သည်ဟု ရှယ်ယာရှင်များကို ရှင်းလင်းထားသည်။
သီလဝါအထူးစီးပွားရေးဇုန်ကို မြန်မာဘက်မှ ရှယ်ယာပါဝင်ထားသည့် မြန်မာသီလဝါSEZကုမ္ပဏီက ရှယ်ယာတစုကို ကျပ် ၁၀၀ ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းကုမ္ပဏီသည် ကိုဗစ်ဖြစ်ပွားခဲ့သည့် ၂၀၂၀ခုနှစ်တွင်ပင်ရှယ်ယာတစ်စုလျှင် ၁၈၀ကျပ်ထုတ်ပေးခဲ့သည်။အကြမ်းဖက်
စစ်ကောင်စီအာဏာသိမ်းထားသောနှစ်တွင် အစုရှယ်ယာအမြတ်ငွေ ၄၅ ရာခိုင်နှုန်းခန့်လျော့ကျသွားခြင်းဖြစ်သည်။
စစ်အာဏာသိမ်းမှုနှင့် ကမ္ဘာကပ်ရောဂါကြောင့် မြန်မာ့စီးပွားရေးသည် ၂၀၂၀-၂၀၂၁ (၂၀၂၀ အောက်တိုဘာမှ ၂၀၂၁ စက်တင်ဘာလကုန်အထိ့)တွင် ၁၈ ရာခိုင်နှူန်းကျဆင်းမည်ဟု ကမ္ဘာဘဏ်ကခန့်မှန်းခဲ့သည်။ စစ်အာဏာသိမ်းမှု မဖြစ်ခဲ့လျှင် တိုင်ပြည်စီးပွားရေး ရှိနိုင်သော အခြေအနေမှ ၃၀ ရာခိုင်နှုန်း လျော့ကျသွားခြင်းဖြစ်သည်။ပြည်သူများ၏အလုပ်အကိုင်ပေါင်းတစ်သန်းကျော်ဆုံးရှုံးမည်ဟုလည်း ကမ္ဘာဘဏ်ကတွက်ချက်ခန့်မှန်းခဲ့သည်။


















































