▪️လွိုင်ကော်မြို့ခံ ထက်ဝက်ကျော် ထွက်ပြေးတိမ်းရှောင်နေရ
ကယား(ကရင်နီ)ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ မေလမှလက်ရှိအချိန်ထိ နေအိမ်အလုံးပေါင်း ၆၅၀ ကျော်၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများအပါအဝင် အရပ်သားပိုင်ဆိုင်သည့် အဆောက်အအုံများ မီးလောင်ပျက်စီးခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)က ယနေ့ထုတ်ပြန်သည်။

လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေရာ ကယားနှင့် ကရင်ပြည်နယ်များ၌ ပိုမိုပြင်းထန်နေပြီးလက်နက်ကြီးအသုံးပြုမှု၊ လေကြောင်းတိုက်ခိုက်မှုများရှိနေကြောင်း ဖော်ပြသည်။
ဇန်နဝါရီ ၁၃ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ လူဦးရေ ထက်ဝက်ကျော်သည် ရပ်ရွာစင်တာ၊ ဘာသာရေးအဆောက်အအုံများ၌ ယာယီနေထိုင်နေကြရပြီး အချို့မှာ နီးစပ်ရာတောတောင်များထဲ့သို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

Public Service Announcement

လူဦးရေ ၅,၀၀၀ခန့်သည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပြီး လူ ၁,၀၀၀ ခန့်သည် ထိုင်းနိုင်ငံ၊ မယ့်ဟောင်ဆောင်ခရိုင်အတွင်းသို့ ထွက်ပြေးခဲ့ကြကြောင်း ဖော်ပြသည်။

ကရင်ပြည်နယ်အတွင်း၌လည်း ဒီဇင်ဘာလလယ်ကတည်းက လူဦးရေ ၂၂,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရကြောင်း UNOCHAက ဆိုသည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ ဇန်နဝါရီလ ၁၀ ရက် ကိန်းဂဏန်းများအရ လူဦးရေ ၃၇၇,၈၀၀ခန့်သည် မြန်မာနိုင်ငံအတွင်း၌ တိုက်ပွဲရှောင်ထွက်ပြေးခဲ့ကြရကြောင်း၊ လူဦးရေ ၂,၈၀၀ ခန့်သည် ထိုင်းနိုင်ငံအတွင်းရှိ ယာယီစခန်းများ၌ နေထိုင်ရလျက်ရှိကြောင်း ဖော်ပြသည်။

လုံခြုံရေးအခြေအနေနှင့် သွားလာခွင့်ဆိုင်ရာ ခွင့်ပြုမိန့်ရရှိရေး ကြန့်ကြာခြင်း၊ စစ်ဆေးရေးဂိတ်များစွာရှိခြင်း စသည့် သွားလာမှုဆိုင်ရာ အခက်အခဲများကြားမှ လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူများသည် ဒေသခံမိတ်ဖက်များနှင့် ပူးပေါင်းပြီး ထိခိုက်ခံစားရသူများအတွက် အရေးပေါ်အကူအညီများ ပေးအပ်နေကြောင်း ထုတ်ပြန်ခဲ့သည်။


















































