Connect with us

Hi, what are you looking for?

သတင်း

မိုးနှင့်လေပြင်းဘေးက ငလျင်ဘေးသင့်ပြည်သူများအတွက်နောက်ထပ်အန္တရာယ်ဖြစ်၊ အကူအညီများ အရေးပေါ်လိုအပ်‌

ဧပြီ ၅ ရက်​ညက မန္တ​လေးတွင်မိုးသက်​လေပြင်းကျပြီး​နောက် ငလျင်​ဘေးသင့်ပြည်သူများ၏ ရွက်ဖျင်တဲများ​​ရေဝင်​နေစဥ်။ ဓါတ်ပုံ-PS

ဧပြီ-၈၊၂၀၂၅။ခွာညို/People’s Spring

လေဖိအားနည်းရပ်ဝန်း နှင့် မိုးတိမ်တောင်ကြောင့် စစ်ကိုင်းငလျင်ဘေးသင့်ဒေသများတွင် မိုးသက်လေပြင်းတိုက်ခတ်နိုင်ကြောင်း MOHADMက သတိပေးထားပြီး ၊လက်ရှိရာသီဥတုအခြေအနေသည် ယာယီဘေးရှောင်စခန်းများတွင် ခိုလှုံနေသူများအတွက် နောက်ထပ်အန္တရာယ်တစ်ခု ဖြစ်ပေါ်လျက်ရှိသည်ဟု UNOCHA က သတိပေးသည်။

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်ဖြစ်ပေါ်နေပြီး ငလျင်ဘေးသင့်ဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ပဲခူးတိုင်း၊ နေပြည်တော်တို့လည်း မိုးသက်လေပြင်းအန္တရာယ်သတိပြုရန်လိုကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးထားသည်။

ထို့အပြင်ယခုရက်ပိုင်းအတွင်းဒေသအများစု၌ လေတိုက်နှုန်း ၁နာရီ မိုင် ၂၀မှ ၃၀ခန့်အထိ ရှိနိုင်ကြောင်း သတိပေးထားသည်။

Public Service Announcement

Public Service Announcement

လေတိုက်နှုန်း ၁နာရီ မိုင်၂၀မှ ၃၀ခန့်သည်သာမန်အချိန်၌ ပြဿနာမရှိသော်လည်း ငလျင်ဒဏ်ကြောင့် ယာယီတဲများတွင် နေထိုင်ကြရသူများအတွက် စိုးရိမ်စရာဟု လူမှုကူညီရေးအဖွဲ့များကပြောသည်။

“ယာယီတဲတွေကလေတိုက်မခံနိုင်ဘူးလေ။ ဒီအတွက် အဆင်သင့်မဖြစ်သေးဘူး”ဟု မန္တလေးမြို့မှ လူမှုကူညီရေးလုပ်ဆောင်သူတစ်ဦးကပြောသည်။

ငလျင်ဘေးဒဏ် အဆိုးဆုံးခံရသော မန္တလေး၊ စစ်ကိုင်း နှင့် နေပြည်တော်တွင် နေအိမ်များအတွင်း နေမရခြင်းနှင့် နေစရာမရှိ၍ လမ်းဘေးနေရာများ၊ ယာယီဘေးရှောင်စခန်းများတွင် နေထိုင်ရသူအများအပြားရှိနေသည်။

“ရာသီဥတုအခြေအနေက စိတ်ပူစရာ။လေလေးနည်းနည်းတိုက်တာနဲ့ ကျမတို့ ကြောက်လန့်နေရပြီ။ အကူအညီတွေက လတ်တလောစားဖို့သောက်ဖို့ပဲ အဆင်ပြေတာလေ။မိုးနဲ့လေအကာအကွယ်ရမယ့်နေရာလေးမှာနေချင်တာ” ဟုမန္တလေးမြို့မှ ငလျင်ဘေးသင့် ပြည်သူတစ်ဦးကပြောသည်။

ဧပြီလ ၅ရက်ညကမန္တလေးနှင့်စစ်ကိုင်းမြို့တွင်မိုးသက်လေပြင်းကျခဲ့ပြီးငလျင်ဘေးသင့်သူများ၊ကယ်ဆယ်ရေးအဖွဲ့များအခက်အခဲကြုံတွေ့ခဲ့သည်။ဧပြီ ၆ရက်နံနက်ကလည်း မန္တလေးမြို့တွင် မိုးဆက်ရွာခဲ့သလို ဧပြီလ ၇ရက်နံနက်ပိုင်းနှင့် ညနေပိုင်းတွင် ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်မိုးရွာပြီး လေပြင်းတိုက်ခိုက်ခဲ့သည်။

လေဖိအားနည်းရပ်ဝန်းသည်ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ပိုမိုအားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well-marked low pressure area)အဖြစ်ဆက်ရှိနေပြီး ဧပြီလ ၁၀ ရက်မှ ၁၁ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင်တဖြည်းဖြည်းအင်အားလျော့နည်းသွားမည်ဟု MOHADM ကထုတ်ပြန်ထားသည်။

ပိုမိုအားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်များအားလုံး၌ မိုးရွာနိုင်ပြီး ငလျင်ဘေးသင့်ပြည်သူများအနေဖြင့် မိုးရွာသွန်းခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခြင်း၊ မိုးတိိမ်တောင်များ ဖြစ်ပေါ်ခြင်းတို့နှင့်အတူ နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာအန္တရာယ်များကို အထူးသတိပြုကြရန်နှင့် အမိုးအကာများ ကြိုတင်ပြင်ဆင်နိုင်ကြပါရန် တိုက်တွန်းထားသည်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခဲ့သည့် စစ်ကိုင်းငလျင်ကြောင့်ထိခိုက်ခံရသော ဒေသများတွင် လူပေါင်း ၁၇ ဒဿမ၂ သန်းကျော် နေထိုင်လျက်ရှိပြီး မြို့နယ်ပေါင်း ၃၃၀ အနက် ၅၈ မြို့နယ်တွင် ငလျင်ဒဏ်ကို လူပေါင်း ၉ဒဿမ၁သန်းကျော် ခံစားခဲ့ရသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကလည်း ထုတ်ပြန်သည်။ သေဆုံးသူဦးရေဆက်လက်မြင့်တက်လျက်ရှိပြီး လက်ရှိစာရင်းများအရ တစ်နိုင်ငံလုံးတွင် လူပေါင်း ၃,၅၀၀ ကျော် သေဆုံးခဲ့ပြီး၊ ၅,၀၀၀ နီးပါး ဒဏ်ရာရရှိကာ ၂၀၀ ကျော် ပျောက်ဆုံးနေဆဲဟုစစ်​ကောင်စီထုတ်ပြန်​သောစာရင်းအားကိုးကား၍ထုတ်ပြန်ထားသည်။

ငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသောသူများသည်အလွန်အမင်းပူပြင်းသော ရာသီဥတုဒဏ်ကို ခံစားနေရပြီး မကြာမီ ရောက်ရှိလာတော့မည့် မိုးရာသီသည် ယာယီဘေးရှောင်စခန်းများတွင် ခိုလှုံနေသူများအတွက် နောက်ထပ်အန္တရာယ်တစ်ခု ဖြစ်ပေါ်လျက်ရှိသည်ဟု သတိပေးထားသည်။ ဧပြီလ ၅ ရက်နေ့တွင် မန္တလေးနှင့် စစ်ကိုင်း၌ ရွာသွန်းခဲ့သော မိုးများသည် ကယ်ဆယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်မှုများကို ထိခိုက်စေပြီး ၎င်းတို့၏ နေအိမ်များ ဆုံးရှုံးခဲ့ရသော ပြည်သူများ၏ နေထိုင်မှုအခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်ဟု ဆိုသည်။

ငလျင်ဘေးသင့် မန္တလေး နှင့် စစ်ကိုင်းတို့ အပါအဝင် မြန်မာနိုင်ငံ၏ဒေသတချို့တွင် မိုးရွာသွန်းမှုများက ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေး လုပ်ငန်းများကို အခက်ကြုံစေခဲ့​ကြောင်း ကုသလမဂ္ဂ လူသားချင်း စာနာမှု အကူအညီနဲ့ အရေးပေါ် ကယ်ဆယ်ရေး အကြီးအကဲကလည်း ပြောကြားခဲ့ပါသည်။

ဧပြီ ၅ ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှု​ကကယ်ဆယ်ရေးလုပ်ငန်းများကို ပိုရှုပ်ထွေးစေရုံသာ မကဘဲ ငလျင်ကြောင့်အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သူများအတွက် အရေးပေါ် ရွက်ဖျင်တဲ လိုအပ်ချက်ကို ပိုမိုကြီးမားလာစေခဲ့​ကြောင်း တွမ်ဖလက်ချာက ​ပြောသည်။

အခြား ကယ်ဆယ်ရေး အဖွဲ့များကလည်းအချိန်အခါမဟုတ် မိုးရွာသွန်းမှုနှင့် ဧပြီလ၏ အပူချိန် ပေါင်းစပ်သွားသည့်အခါ ကာလဝမ်းရောဂါအပါအဝင် နောက်ဆက်တွဲကူးစက်ရောဂါများကိုခေါင်းထောင်လာစေနိုင်ကြောင်းသတိပေးထားကြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။