စစ်အစိုးရလက်ထက် စက်မှု( ၁)ဝန်ကြီးဟောင်းဦးအောင်သောင်းသား ဦးနေအောင် ပိုင်ဆိုင်ထားသည့် UABဘဏ်က စစ်ကောင်စီ ထုတ်ရောင်းသည့် ငွေတိုက်စာချုပ်များကို အိမ်တိုင်ယာရောက်လိုက်လံရောင်းချပေးနေကြောင်း အဆိုပါငွေတိုက်စာချုပ်ဝယ်ယူရန် စုံစမ်းခဲ့သူတစ်ဦးက ပြောသည်။
အဆိုပါငွေတိုက်စာချုပ်များကို ကျပ်ဆယ်သိန်းတန်မှစပြီး ပမာဏအကန့် အသတ်မရှိဝယ်ယူနိုင်ကြောင်း UABဘဏ်ကုမ္ပဏီ၏ လက်အောက်ခံ စတော့ရှယ်ယာရောင်းချပေးသည့် ကြားခံကုမ္ပဏီ UAB Securities ကုမ္ပဏီက ဇန်နဝါရီ ၁၈ ရက်က ထုတ်ပြန်ထားသည်။ သို့သော် ငွေတိုက်စာချုပ်ရောင်းချကြောင်း UAB Securities ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှ ကြော်ညာကို စိတ်ဝင်စားသူနည်းပါးလှသည်ကိုတွေ့ရသည်။ ကြော်ညာထားသည်မှာ ၂ ရက်ရှိပြီသော်လည်း ဖေ့စ်ဘွတ်ခ်တွင် တုန့်ပြန်သူ ၁၀၂ ဦးရှိရာ ၆၉ ဦးကဟဟ ပေး၍ လှောင်ပြောင်ထားကြခြင်းဖြစ်သည်။
“ကျွန်တော် ဝယ်ချင်လို့တော့ မဟုတ်ပါဘူး။ ဘယ်လိုပုံစံမျိုးလဲ သိချင်လို့ လှမ်းမေးကြည့်တာ။ စစ်တပ်ရဲ့ ဗဟိုဘဏ်က ထုတ်ရောင်းတာလို့ပြောတယ်။ ဝယ်မယ်ဆိုရင် အိမ်အထိ လာပြီးလုပ်ပေးမယ်လိုပြောတယ်”ဟု ငွေတိုက်စာချုပ်ဝယ်ယူရန် စုံစမ်းခဲ့သူတစ်ဦးက ပြောသည်။
ထိုငွေတိုက်စာချုပ်များကို အတိုးနှုန်း ၇ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ခြောက်လတကြိမ် အတိုးပေးမည်ဟု ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ငွေတိုက်စာချုပ်ရောင်းချမူပုံစံကို အားကျ၍ လိုက်လံရောင်းချခြင်းဖြစ်ပြီး လူထုက စစ်ကောင်စီကို ယုံကြည်ခြင်းမရှိ၍ ရောင်းချရမည်ဟု မထင်ကြောင်း ငွေကြေးရင်းနှီးမြှပ်နှံမူလုပ်ငန်းဆိုင်ရာအကြံပေးတစ်ဦးက ပြောသည်။
“ပုံမှန်အချိန်မှာဆိုရင် ဒါက ကောင်းမွန်တဲ့ ရင်းနှီးမြှပ်နှံမူတစ်ခုပေါ့။ ဒါပေ့မယ့် အခုချိန်က စစ်တပ်ကို ဘယ်သူမှ မယုံတဲ့အချိန် လူထုက သူတို့ငွေတွေကို ငွေတိုက်စာချုပ် ဝယ်ပါ့မလား။ စစ်တပ်ကလူတွေက NUG လုပ်သလိုလိုက်လုပ်တာလို့ဘဲမြင်တယ်။ NUGလိုတော့ အောင်မြင်မှာတော့မဟုတ်ဘူး”ဟု၎င်းကသုံးသပ်ပြောကြားသည်။ NUG ငွေတိုက်စာချုပ်များအပေါ် ပြည်သူများက အလွန်စိတ်ဝင်တစားဖြင့် ဝယ်ယူအားပေးကြပြီး ငွေလွှဲစနစ် အခက်အခဲရှိနေသည့်ကြားမှ ရောင်းချပေးသောပုံစံတိုင်းတွင် အားတက်သရောဝယ်ယူနေကြသည်ကိုတွေ့ရသည်။
ငွေတိုက်စာချုပ်ဆိုသည် အစိုးရတစ်ရပ်အတွက် ဘတ်ဂျတ်လိုငွေကို အများပြည်သူထံမှချေးငွေရယူခြင်းဖြစ်သည်။ ထိုချေးငွေအတွက် အစိုးရက နှစ်အလိုက် အတိုးသတ်မှတ်ပေးထားသော ကတိကဝတ်စာချုပ်များထုတ်ပေးခြင်းကိုငွေတိုက်စာချုပ်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ငွေတိုက်စာချုပ်များကို ငွေတိုက်ဦးစီးဌာနအစား ဗဟိုဘဏ်က ဘဏ်များကို ထုတ်ရောင်းပေးလေ့ရှိသည်။ အရပ်သားအစိုးရလက်ထက်တွင် ငွေတိုက်စာချုပ်များကို သက်တမ်း နှစ်နှစ်နှင့် သက်တမ်း လေးနှစ်ခုဟူ၍ နှစ်မျိုးရောင်းချခဲ့ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၇ ဒသမ ၂၅ နှင့် ၇ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဦးဆုံးအနေဖြင့် ၂၀၂၁ဖေဖော်ဝါရီ ၁၈ရက် ငွေတိုက်စာချုပ် ကျပ် ဘီလီယံ ၂၀၀ဖိုးကိုလေလံစနစ်ဖြင့် အကြမ်းဖက်စစ်ကောင်စီက ထုတ်ရောင်းခဲ့သည်။ သို့သော်လည်း ဝယ်သူနည်းပါးလွန်းပြီးလေလံပွဲရလာဒ်များ ထုတ်ပြန်ရာတွင် ကျပ်၁ ဒသမ ၇ ဘီလီယံသာ ရောင်းချနိုင်ခဲ့သည်ဟု ငွေတိုက်ဦးစီးဌာနက ထုတ် ပြန်သည်။အကြမ်းဖက်စစ်ကောင်စီက ငွေတိုက်စာချုပ်များအနက် (၂)နှစ်သက်တမ်းရှိသည့် ငွေတိုက်စာချုပ်ကို အတိုးနှုန်း ၈ဒသမ ၇၅ ရာခိုင်နှုန်းပေးမည်ဟု ထုတ်ပြန်ထားသည်။ သို့သော် စစ်ကောင်စီက ထုတ်ရောင်းသည့် ငွေတိုက်စာချုပ်များကို ဝယ်ယူသူမရှိဟု ဘဏ်အသိုင်းအဝိုင်းမှ သိရသည်။
ထိုနောက်ပိုင်း ဗဟိုဘဏ်က ငွေတိုက်စာချုပ်များထုတ်မရောင်းတော့ဘဲ ယခုအခါ UAB ဘဏ်ကတစ်ဆင့်ရောင်းရန်ကြိုးစားလာခြင်းဖြစ်သည်။ ဘဏ်ပိုင်ရှင် ဦးနေအောင်သည် စစ်ကောင်စီ၏ ရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ညီအစ်ကို ဖြစ်သည်။ ၎င်းတို့ညီအကိုနှစ်ဦးသည် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နီးကပ်သော ဆက်ဆံရေးရှိပြီး ၊အာဏာသိမ်းခေါင်းဆောင်နှင့်မိသားစုအပေါ် စီးပွားရေးတွင်ရော ၊စစ်ဖက်ရေးရာတွင်ပါ လွှမ်းမိုးမှုရှိသည်ဟု စစ်တပ်အသိုင်းအဝိုင်းမှ သိရသည်။