ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၂၇ ရွာမှ ဒေသခံပြည်သူနှစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒူးပလာယာခရိုင်က ယနေ့ သတင်းထုတ်ပြန်သည်။
ကော့ကရိတ်မြို့နယ်အတွင်း ဇန်နဝါရီလ(၇)ရက်နေ့မှ (၂၃)ရက်အနေ့အထိ စစ်ကောင်စီက နယ်မြေကျူးကျော် ထိုးစစ်ဆင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က အရပ်သားများနေထိုင်ရာ ကျေးရွာ များအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းတို့ကြောင့် ဒေသခံပြည်သူ ၁ ဦးသေ၊ ၁၂ဦး ဒဏ်ရာရခဲ့သည်ဟုပါရှိသည်။ ဒဏ်ရာရသူများထဲတွင် ဆယ်ကျော်သက်အရွယ် ကလေးငယ်များအပါအဝင် အမျိုးသမီးများ နှင့် သက်ကြီးရွယ်အိုများ ပါဝင်သည်။
ထို့ပြင်စစ်ကောင်စီတပ်များသည်ကျေးရွာများအတွင်းတပ်စခန်းချ၍ ရွာသားပိုင် ပစ္စည်းများကို ယူဆောင် ခြင်း၊ နေအိမ်များ မီးရှို့ခြင်းများပြုလုပ်နေကြောင်း၊ ဖမ်းမိသည့် ရွာသားများကို နှိပ်စက်စစ်ဆေးခြင်းများ ပြုလုပ်နေ၍ ရွာသားများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။
စစ်ရှောင်နေရသည့် ကျေးရွာများမှာ ကော့နွဲ၊ ကမိုင်ကုန်း၊ ရွာသစ်ကုန်း၊ မြို့ဟောင်း၊ အံကလော်၊ တတန် ကူး၊ ကျောက်စရစ်ကုန်း၊ ကထို့ထ၊ ရွာသစ်(မောင်းမ)၊ သာယာကုန်း၊ ကြောင်လျှာကုန်း၊ ဖန်ခါးကုန်း၊ အံဖ ကြီး၊ အံဖလေး၊ ရွာတန်းရှည်၊ ကြာအင်းကုန်း၊ နောင်နိုင်း၊ နန်းရွေမှုံ၊ အောင်လှိုင်၊ တဝေါသော၊ စက္ကဝက်၊ သုံးဆယ့်သုံးဆူ၊ ကျိုက်သလိုက်၊ ဘော့ဒိုင်း၊ ဒေါက်ပလံ၊ ခုဒုံ၊ ဆံဖလား တို့ဖြစ်သည်ဟုဖော်ပြထားသည်။

Public Service Announcement
လက်ရှိအချိန်တွင် ဒေသတွင်း စစ်ရှောင်ဦးရေ နှစ်သောင်းကျော်လာပြီဖြစ်၍ အရေးပေါ်ထောက်ပံ့ကူညီမှုများလိုအပ်နေကြောင်း ထုတ်ပြန်သည်။


















































