Connect with us

Hi, what are you looking for?

News

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး NUCC၏ လမ်းညွှန်မှု၊ မူဝါဒထိန်းကျောင်းမှုခံယူကာ အားလုံးနှင့်လက်တွဲအကောင်အထည်ဖော်သွားမည်ဟု NUG ကတိပြု

ညီလာခံတွင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်ကို သဘောတူသည့် အစုအဖွဲ့အသီးသီး၏ ကိုယ်စားလှယ်များပါဝင်ပြီး ယင်းကိုယ်စားလှယ်များက ပြည်သူ့ညီလာခံ၏ ဆုံးဖြတ်ချက်များအတိုင်း ရပ်တည်၍ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြမည်ဟု ဆိုသည်။

▪️ကျင်းပနေဆဲ NUCC ပထမအကြိမ်ပြည်သူ့ညီလာခံတွင် အချက် ၃ချက် ဆွေးနွေးဆုံးဖြတ်မည်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၏ လမ်းညွှန်မှု၊ မူဝါဒဆိုင်ရာ ထိန်းကျောင်းမှုများကို ခံယူကာ ချမှတ်သော ဗျူဟာ၊ လမ်းစဉ်များကို အားလုံးနှင့် လက်တွဲအကောင်အထည်ဖော်သွားမည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

NUCC ၏ ပထမအကြိမ်ပြည်သူ့ညီလာခံကို ယနေ့ (ဇန်နဝါရီ ၂၇ရက်)စတင်ကျင်းပရာ NUG ယာယီသမ္မတက ယင်းသို့ကတိပြုပြောကြားခြင်းဖြစ်ပြီး ကျင်းပနေဆဲ ညီလာခံတွင် NUG ဖွဲ့ စည်းစဉ်ကတည်းက ဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်များကို အစီရင်ခံတင်ပြသွားမည်ဟု ဆက် ပြောသည်။

“ဒီညီလာခံကြီးကနေ အစပြုပြီး ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ်ကြီးနဲ့အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးတည်ဆောက်နိုင်ဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါစို့လို့ သန္နိဌာန်ပြုရင်း ညီလာခံကြီး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

Public Service Announcement

Public Service Announcement

ညီလာခံတွင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်ကို သဘောတူသည့် အစုအဖွဲ့အသီးသီး၏ ကိုယ်စားလှယ်များပါဝင်ပြီး ယင်းကိုယ်စားလှယ်များက ပြည်သူ့ညီလာခံ၏ ဆုံးဖြတ်ချက်များအတိုင်း ရပ်တည်၍ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြမည်ဟု ဆိုသည်။

NUCC တွင် CRPH အပါအဝင် ရွေးကောက်ပွဲလွှတ်တော်ကိုယ်စား လှယ်များအစုအဖွဲ့၊ နိုင်ငံရေးပါတီများ၊ သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့် လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်း CDM များ၊ CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ကြားကာလ ပြည်နယ်ဖက်ဒရယ်ယူနစ်ကိုယ်စားပြုကော်မတီဝင်များ ပါဝင်သည်။

ပထမအကြိမ် ပြည်သူ့ညီလာခံတွင် NUCCက ၁၀ လကျော် အချိန်ယူပြင်ဆင်ရေးဆွဲခဲ့သည့် ဖက်ဒရယ်ချာတာကိုအတည်ပြုရေး၊ NUCC လုပ်ငန်းလမ်းညွှန်၊ ဖွဲ့စည်းခြင်းကို အတည်ပြုရေးနှင့် NUG အစိုးရအဖွဲ့ကို အတည်ပြုရေးစသည့် လုပ်ငန်းစဉ် ၃ရပ်ကို ဆွေးနွေးဆုံးဖြတ်မည်ဖြစ်သည်။

“ဖက်ဒရယ်ဒီမိုကရေစီ ချာတာကို ကြည့်မယ်ဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ကွဲလွဲနေတဲ့အချက်တွေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အငွေ့ အသက်တွေ မကင်းတဲ့အချက်တွေ၊ တိုင်းရင်းသားတန်းတူရေးနဲ့ မကိုက်ညီတဲ့အချက်တွေ၊ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို နှောင့်ယှက်ဟန့်တားမှုဖြစ်လာ စေမယ့် အချက်တွေအများကြီး ရှင်းဖို့ကျန်ပါသေးတယ်။ ဒီညီလာခံ ၃ ရက်အတွင်း ဒီအကြောင်း အရာတွေ ဆွေးနွေးအဖြေရှာသွားနိုင်မယ်လို့လည်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) က မျှော်လင့်ပါတယ်” ဟု ယင်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက ပြောသည်။

ထို့အပြင် စုံလင်ကွဲပြားသည့် အဖွဲ့အစည်းများနှင့်ဖွဲ့အစည်းထားသော NUCC သည် အာဏာရှင်မျိုးစုံ အမြစ်ဖြုတ် တိုက်ဖျက်ရေး၊ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ဦးဆောင်မှုအခန်းကဏ္ဍ၌ တာဝန်ရှိသည့်အဖွဲ့အစည်းအဖြစ် ခံယူကြောင်း နော်ဆဲဆဲက ဆက်ပြောသည်။

လက်ရှိတော်လှန်ရေးသည် ပြည်သူလူထုတစ်ရပ်လုံးပါဝင်သည့် လူထုတော်လှန်ရေးဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးရော၊ လူထုတော်လှန်ရေးပါ အသွင်ပြောင်းပေါင်းစပ်တိုက်ပွဲ ဝင်သည့် အခြေအနေမျိုးတွင် အားလုံးတသဘောတည်းဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို နည်းမှန်လမ်းမှန်ဖြင့် သမိုင်းသစ်ကို ကိုယ်တိုင်ဖန်တီးရေးသားရမည်ဟု ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP) ဥက္ကဌ ခူဦးရယ်က ပြောသည်။

“အထူးသဖြင့် ဒီလိုရည်သန်ပြီးတော့ အသက်ပေးပြီး ချွေးနဲ့သွေးနဲ့ ရင်းပြီးတော့ တိုက်ပွဲဝင်နေခြင်းဟာဖြင့် နောင်လာမယ့် အားလုံးရဲ့ အနာဂတ်၊ သားသမီးတွေရဲ့ အနာဂတ် ကောင်းမွန်ဖို့အတွက်သာ ဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်တို့ အားလုံး နားလည်သဘောပေါက်ပြီးဖြစ်ပါတယ်”ဟု ခူဦးရယ်က ဆက်ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း ယခုလို ပြည်သူ့ညီလာခံကျင်းပခြင်းသည် တော်လှန်ရေးသာမက တိုင်းပြည်တည်ဆောက်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် အနာဂတ်တွင် ပြည်သူလူထုအနေဖြင့် မည်သည့်အာဏာရှင်စနစ်ဆိုးဒဏ်ကိုမျှ မခံစားရစေရေး၊ အမျိုးသားတန်းတူညီမျှရေးအတွက် စည်းလုံးညီညွတ်စွာ လက်သီးဆုပ်မပျက် ချီ တက်ကြရန် တိုက်တွန်းသည်။

“ဒီနောက်နောင်အနာဂတ်တွေမှာ ကျွန်တော်တို့အားလုံးချစ်တဲ့ ဟောဒီမြေပေါ်မှာ ပြည်သူတွေဟာ ဘယ်အာဏာရှင်စနစ်ဆိုးဒဏ်ကိုမှ မခံစားရစေဖို့ ၊ အမျိုးသားတန်းတူ ညီမျှရေးအတွက် ကျွန်တော်တို့အားလုံးရဲ့ မောင်နှမတွေ၊ ညီအစ်ကိုတွေဟာ လက်သီးဆုပ် မပျက် ချီတက်ကြရအောင်၊ လက်ကို တစ်ချောင်းချင်း အချိုးခံရတာမျိုးမခံရအောင် လက်သီးဆုပ် မဖြည်စတမ်းချီလှမ်းကြပါစို့လို့ တိုက်တွန်းရင်း အဆုံးသတ်ပါတယ်” ဟု ဦးမင်းကိုနိုင်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ချင်းပြည်တော်လှန်ရေး မိတ်ဖက်အင်အားစုများနှင့်ပတ်သက်သည့် ပန်ကြားချက်ကို ယနေ့ တွင်ထုတ်ပြန်ခဲ့ရာ တော်လှန်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ အချင်းချင်းအကြား လက်နက်ကိုင်စွဲ ဖြေရှင်းမှုများကို အမြန်ဆုံးရပ်တန့်ပေးပါရန်နှင့် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြရန်မေတ္တာရပ်ခံလိုက်သည်။

သတင်း

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ဆောင်ရွက်နေသည့် အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် အတုအယောင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အတူတကွရပ်တည် ဆန့်ကျင်ကြရန် တော်လှန်ရေးအင်အားစုများထံ မေတ္တာရပ်ခံ ပန်ကြားချက် တစောင်ကို ပေးပို့ခဲ့ကြောင်း NUCCနှင့် NUG တို့၏ ပူးပေါင်းကော်မတီက ယနေ့ ထုတ်ပြန်သည်။

သတင်း

ထိုင်းနိုင်ငံအတွင်း နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများအား အသိပေး မေတ္တာရပ်ခံချက် ထုတ်ပြန်

သတင်း

ဆေးရုံအချို့ကို စတင်တည်ဆောက်နေပြီဟုဆို