ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းခုံးတံတားအနီး၌ လုယက်မှုများနေ့စဥ်ဖြစ်နေသော်လည်း အရေးယူဆောင်ရွက်မည့်သူမရှိသောကြောင့် အဆိုပါ လုယက်သူများကို အပြစ်ပေးအရေးယူမည်ဟု MSI Youth Defence Forces (MSIYDF)အဖွဲ့က (ဖေဖော်ဝါရီ ၁၆ ရက်) သတိပေးထုတ်ပြန်သည်။
“ဒီရက်ပိုင်း သမိုင်းတစ်ဝိုက်မှာ နေ့စဥ်လိုလိုဖြစ်နေပါတယ်။ဆိုင်ကယ်နှစ်စီးနဲ့ပါ ဘယ်သူကမှလည်းအရေးတယူလုပ်ပေးမယ့်သူမရှိပါဘူး။ ညနည်းနည်းမှောင်တာနဲ့ဖြစ်ပါပြီ။ ဟိုတနေ့ကဆိုနေ့ခင်းဘက်တောင်ဆွဲ ကြိုးဖြတ်လုသွားတယ်လို့ကြားရပါတယ်” ဟု MSI Youth Defence Forces အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းလုယက်မှုများကို စစ်ကောင်စီလက်ပါးစေရဲဘက်မှ တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်သော်လည်း လက်ရှိအချိန်တွင် ဖြေရှင်းပေးသူမရှိသောကြောင့် ၎င်းတို့အဖွဲ့အနေဖြင့် တတ်နိုင်သလောက်လုပ်ဆောင်မည်ဟု ယင်းအဖွဲ့ဝင်က ပြောသည်။
“အဆိုပါ လုယက်မှုများကိုပြုလုပ်နေသော မည်သူကိုမဆို ထိရောက်စွာ အပြစ်ပေးမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ထိုသို့ပြုလုပ်နေသူများအား နောက်နောင် အဆိုပါလုပ်ရပ်များအား မပြုလုပ်ရန် ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် သတိပေးအပ်ပါသည်”ဟု ၎င်းတို့အဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement
သို့သော် သတိပေးချက်ကိုမလိုက်နာဘဲ လုယက်မှုများဆက်လက်ပြုလုပ်နေပါက ၎င်းတို့အဖွဲ့အနေဖြင့် လုပ်သင့်သည့်ကိစ္စများကို ဆက်လက်လုပ်ဆောင်မည်ဟု ထုတ်ပြန်ထားသည်။
“ပြည်သူတွေရဲ့ဘအသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့က ကျွန်တော်တို့ရဲ့တာဝန်ဖြစ်တဲ့အတွက် ကျွန်တော်တို့က အတတ်နိုင်ဆုံးလုပ်ဆောင်ပေးသွားမှာပါ”ဟု အထက်ပါအဖွဲ့ဝင်ကပြောသည်။


















































