အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေများကို အစောင့်အဖြစ်ခေါ်ယူထားသည့် DGB Micro finance Myanmar ရုံးခွဲကို မိုင်းခွဲတိုက်ခိုက်ရာ ရဲတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်သည်။
ယနေ့(ဖေဖော်ဝါရီ ၂၂) နေ့လယ် ၁၂နာရီခွဲခန့်က တန့်ဆည်မြို့ပေါ် ဈေးသစ်အနီးရှိ အသေးစားချေးငွေလုပ်ငန်းရုံးခွဲဖြစ်သော DGB Micro finance Myanmar ရုံးခွဲကို တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ နှင့် Phoenix Defence Force-Taze တို့မှ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ရုံးအတွင်း ကင်းစောင့်ပေးနေသော ရဲခွေးတစ်ကောင်ကျ၍ အရာရှိတစ်ဦး ဒူးတွင်ဒဏ်ရာရရှိသည်ဟု မြေပြင်သတင်းရရှိပါသည်”ဟု တန့်ဆည်(ပကဖ)က ဆိုသည်။
DGB ရုံးမှာ အသေးစားချေးငွေလုပ်ငန်းဖြစ်ပြီးတော်လှန် ရေးကာလအတွင်းတွင် ပြည်သူ့မျက်နှာ ငဲ့ညှာထောက်ထားခြင်းမရှိဘဲ အပတ်စဉ် ငွေကြေးကောက်ခံခြင်းများ ၊ခြိမ်းခြောက်၍ ငွေတောင်းခံခြင်းများ ၊ရုံးအတွင်း စစ်ခွေး နှင့် ရဲခွေးများခေါ်ယူထားကြောင်း သိရသည်။

Public Service Announcement
နေ့စဉ်မဟုတ်သော်လည်း အချို့ရက်များတွင်ရုံးပတ်ဝန်း ကျင်တွင် ကင်းပုန်းများပါ ထားရှိစေခြင်းသည် ပြည်သူကိုမျက်နှာမမူသော လုပ်ရပ်များဖြစ်သည်ဟု တန့်ဆည် (ပကဖ)က ဆိုသည်။
အသေးစားငွေချေးလုပ်ငန်းများအနေဖြင့် ကိုဗစ်ရောဂါ အပါအဝင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖြစ်ရပ်ကြောင့် ပြည်သူများ ခက်ခဲကြပ်တည်းနေ၍ ချေးငွေ အတိုးများကောက်ယူမှုကို ရွှေ့ဆိုင်းပေးရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံမှုများလည်း ရှိထားသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် NUGအစိုးရ၏ မူဝါဒများကို အစဉ်လေးစားလိုက်နာ၍ ပြည်သူများကို အမြဲရှေးရှုသော အဖွဲ့ဖြစ်ကြောင်းလည်း တန့်ဆည်(ပကဖ)က အသိပေးသည်။


















































