ကေအဲန်ယူထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် တပ်မဟာ ၅ မှာ စစ်အုပ်စုက ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်၊ လေကြောင်းတိုက်ခိုက်မှုတွေပါလုပ်နေတာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးဒဏ်ရာရတာတွေရှိနေတယ်လို့ မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီက နေ့စဥ်လိုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံအရပ်သားပြည်သူတွေ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင် ပုန်းအောင်းနေရတာပါ။
မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ချက်အရ ဖာပွန်-ကမမောင်းလမ်းပိုင်း ခွေးသေနဲ့ ဖာပွန်မြို့ကြားတစ်နေရာမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်(BGF)တွေက အနီးအနားမှာရှိတဲ့ကျေးရွာတွေကို လက်နက်ကြီးလက်နက်ငယ်နဲ့ နေ့စဉ်ပစ်ခတ်နေပြီး ခွေးသေနဲ့ သွာခိုလော်ရွာကြားမှာရှိတဲ့ သွာခိုလော်၊ သာမကြူလော်နဲ့ တာဟာလော်ကျေးရွာတွေကိုလည်း လက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ခတ်ခဲ့လို့ ရွာသားတွေစိုးရိမ်ထိတ်လန့်နေခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖာပွန်ခရိုင် ဘူးသိုမြို့နယ် မျဉ်းတပြေးရွာနဲ့ မယ်ခူထာ့ကျေးရွာထဲကို လက်နက်ကြီးနဲ့ နေ့စဉ်ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ရွာသားတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ မူတြော်သတင်းစဉ်က ဆိုထားပါတယ်။

Public Service Announcement
ဖာပွန်ခရိုင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံရွာသားတွေဟာ လက်ရှိမှာ စားနပ်ရိက္ခာ၊ သောက်ရေသန့်နဲ့ ကျန်းမာရေးပြသနာတွေ ရင်ဆိုင်ကြုံတွေ့နေရပြီး အကူအညီတွေလိုအပ်ကာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံရွာသားတွေထံ အကူအညီရောက်ဖို့ကလည်း ခဲယဉ်းတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)က ပြောခွင့်ရသူတစ်ဦးဖြစ်တဲ့ စောလေးကပေါ်က ဆိုပါတယ်။
” အခုကတောထဲမှာဆိုတော့ အစားအသောက်အခက်အခဲရှိတယ်ပေ့ါနော်။ ပြီးတော့ တပ်မဟာ ၅ က နဂိုကတည်းက ငှက်ဖျား ရောဂါတွေကအရမ်းထူတယ်။ ကျနော်တို့စိုးရိမ်နေတာက ငှက်ဖျားဒဏ်ကိုပြင်းပြင်းထန်ထန်ခံစားရမှာကို ကျနော်တို့ ကြောက်တယ်။ နောက်တခုက တောထဲမှာနေရတော့ သန့်ရှင်းတဲ့ရေရှိဖို့အတွက် အခက်အခဲရှိတဲ့အခါ ဝမ်းရောဂါနဲ့ပတ်သက်တဲ့ ဆက်စပ်ရောဂါတွေပေ့ါနော်။ အဲ့လိုမျိုးဟာတွေဖြစ်မှာကို စိုးရိမ်တာပေါ့နော်” KPSN က ပြောခွင့်ရသူ စောလေးကပေါ်က ဆိုပါတယ်။
ဖေဖေါ်ဝါရီ ၁ ရက်ကနေ ၂၀ ရက်အတွင်း ဖာပွန်ခရိုင်ထဲမှာ ဒွယ်လိုးမြို့နယ်နဲ့ လူသောမြို့ထဲကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး ၇ လုံးလာရောက်ကြဲချခဲ့တဲ့အတွက် ဒေသခံရွာသား ၄ ဦးသေဆုံးခဲ့ရပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်တွေလည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ကေအဲန်ယူရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဖာပွန်ခရိုင်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ်(BGF) တို့အကြား တိုက်ပွဲတွေဟာ နေ့စဉ်လိုလိုဖြစ်ပွားနေပြီး တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ သောင်းချီဟာ လက်ရှိအချိန်ထိ နေရပ်ကိုမပြန်နိုင်ကြသေးဘူးလို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေထံကနေ သိရပါတယ်။


















































