ကချင်ပြည်နယ်၌ ယမန်နေ့ညက ဖားကန့်မြေစာပုံပြိုကျမှုတွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတစ်ခုမှ လုပ်ငန်းခွင်ဝင် ဝန်ထမ်း ၃၉ဦးပါဝင်သွားပြီး ယနေ့နေ့လယ်အထိ ရုပ်အလောင်း ၁၂ခုသာ ရှာဖွေတွေ့ထားသည်။
ဖားကန့်တွင် ဖေဖော်ဝါရီ ၂၈ ရက်ည ၉ နာရီခန့်က ကျောက်စိမ်းတူးဖောက်ရေးကမ္ပဏီတစ်ခု၏ လုပ်ကွက်အတွင်း မြေစာပုံပြိုကျခဲ့ခြင်းဖြစ်သည်။
ရေမဆေးရှာဖွေသူ ၅၀ဦးခန့်နှင့် ဘက်ဘိုးသုံးစီး ပျောက်ဆုံးနေကြောင်း ကနဦးသတင်းထွက်ခဲ့ပြီး လူထုနွေဦးက ယနေ့ နံနက် ထပ်မံစုံစမ်းရာတွင်ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတစ်ခုမှ ကျောက်ရှာသူ၊ ကြီးကြပ်သူနှင့်စက်မောင်းလုပ်သား ဝန်ထမ်း စုစုပေါင်း ၃၉ ဦးပါဝင်သွားသည်ဟု ဒေသခံများကပြောသည်။
“မြေစာပုံနဲ့အတူ ၃၉ ယောက် ပါသွားတာ။ အခုထိ ရုပ်အလောင်း ၁၂လောင်းပဲ ပြန်ရှာတွေ့တယ်။ဘက်ဟိုးသုံးစီးနဲ့ မြေသယ်ကားတစ်စီးလည်း ပါသွားတယ် “ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ကျောက်စိမ်းခိုးတူးမှုများ ဆိုးရွားနေပြီး ပြီးခဲ့သည့် ဒီဇင်ဘာကလည်း မြေစာပုံနှစ်ကြိမ်ပြိုကျရာ လူ၂၀ ထက်မနည်းသေဆုံးခဲ့သည်။
၂၀၂၀ မတိုင်မီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အများစုကို သက်တမ်းတိုးမပေးသေးဘဲ စိစစ်နေဆဲအခြေအနေတွင် စစ်တပ်က နိုင်ငံတော် အာဏာသိမ်းယူသွားပြီးနောက် ယခုလို ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခု မြေစာပုံပြိုသည့် ကုမ္ပဏီအမည်နှင့် လုပ်ကွက်သက်တမ်းရှိ၊မရှိကို ရှင်းရှင်း လင်းလင်းမသိရသေးပေ။


















































