ပြည်တွင်းရွှေဈေးဆက်လက်မြင့်တက်လာပြီး တစ်ရက်တည်းကို ကျပ် ငါးသောင်းကျော်မြင့်တက်လာကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှ သိရသည်။
ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းကြောင့်ဈေးလိုက်တက်ခြင်းဖြစ်ပြီး ကမ္ဘာရွှေဈေးမှာ တရက်အတွင်း ဒေါ်လာ ၄၀ခန့်မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်အချို့ကပြောသည်။
ပြည်တွင်းရွှေဈေးသည် မတ် ၈ ရက်က အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၀၁၅,၀၀၀ရှိရာမှ မတ် ၉ ရက်တွင် ၂,၀၆၈,၀၀၀ကျပ်အထိ မြင့်တက်လာသည်။
ကမ္ဘာ့ရွှေဈေးမှာလည်း မတ် ၇ ရက်က ရွှေတအောင်စ ၂၀၁၃ဒေါ်လာရှိပြီး မတ် ၈ရက်တွင် တအောင်စလျှင် ၂၀၅၃ဒေါ်လာ အထိမြင့်တက်လာခြင်းဖြစ်သည်။

Public Service Announcement
“စစ်ကောင်စီအလိုကျ အသင်းက လူတွေ ရွှေဈေးကို ထိန်းနေတယ်။ သူတို့ ထိန်းနေရင်းနဲ့ တက်နေတာ။ ဘယ်လိုကြည့်ကြည့် ရွှေဈေးက ကျဖို့လမ်းမမြင်ဘူး၊ ဆက်တက်ဖို့ပဲရှိတယ်”ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
ပြည်တွင်းရွှေဈေးသည် ဖေဖော်ဝါရီ ၂၈ ရက်က တစ်ကျပ်သား ၁,၉၂၇,၀၀၀ ကျပ်သာရှိခဲ့ပြီး ဆယ်ရက်အတွင်း တစ်ကျပ်သားကို ကျပ် ၁၄၀,၀၀၀ကျော်မြင့်တက်လာခြင်းဖြစ်သည်။ ရွှေဈေးတက်နေသော်လည်း အရောင်းအဝယ်မှာအနည်းငယ်သာဖြစ်ကြောင်း ဈေးကွက်အတွင်းမှသိ့ရသည်။
ရွှေဈေးမြင့်တက်ခြင်းနှင့်အတူ ဒေါ်လာဈေးမှာလည်း မြင့်တက်လျက်ရှိပြီး မတ် ၉ရက်တွင် ပြင်ပမှောင်ခိုဈေးကွက်တွင် တစ်ဒေါ်လာကို ၂၀၆၀ကျပ် အထိမြင့်တက်လာသည်။ ဖေဖော်ဝါရီ ၂၈ ရက်က တစ်ဒေါ်လာကို ၁၉၉၀ကျပ်သာရှိခဲ့သည်။ ဆယ်ရက်အတွင်း ကျပ် ၇၀ခန့်မြင့်တက်လာခြင်းဖြစ်သည်။


















































