ကချင်ပြည်နယ် မံစီမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ကချင်လွတ်လပ် ရေးတပ်မတော်(KIA)က ယနေ့ တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။
KIA တပ်မဟာ(၃)၊ တပ်ရင်း(၂၇)နယ်မြေတွင် ဧပြီ ၆ ရက် နံနက် ၁၁နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့သည်။ အင်အား၂၀၀ခန့်ရှိ စစ်ကြောင်းသည် ကားလေးစီးဖြင့် စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာ သယ်ပို့စဉ် KIAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
KIA တပ်မဟာ(၂) တပ်ရင်း(၂၀)နယ်မြေ တနိုင်း – လီဒိုလမ်း လဝါးကျေးရွာနှင့် ဒွန်ဘန်ကျေးရွာအကြားတွင် ယမန်နေ့(ဧပြီ ၅ရက်)က KIAနှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။

အင်အား ၆၀ခန့်ရှိသည့် စစ်ကောင်စီတပ်ကို KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသေဆုံးမှုရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်သည် အနီးဝန်းကျင်ရှိ ကျေးရွာများဘက်သို့လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကို ကိုးကားပြီး KIAသတင်းနှင့် ပြန်ကြား ရေးဌာနက ဖော်ပြသည်။
စစ်ကောင်စီတပ်သည် KIA ဌာနချုပ် လိုင်ဇာနှင့်အနီးဝန်းကျင်ဒေသများသို့ တပ်အင်အားများစုနေကြောင်း၊ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာပါက တိုက်ပွဲများ ဖြစ်ပွားနိုင်ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။


















































