မြန်မာပြည်သူများအတွက် အမေရိကန်၏ အားပေးထောက်ခံမှုများကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Vajda နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဝါရင့်အထက်လွှတ်တော်အမတ် Mitch McConnell က ထုတ်ပြန်သည်။
ယခုနှစ်ဆန်းပိုင်းက အမေရိကန်သမ္မတ လက်မှတ်ထိုးပြဌာန်းခဲ့သော ကာကွယ်ရေးဆိုင်ရာဥပဒေ(NDAA)တွင် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချပြီး မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံသည့် ပြင်ဆင်ချက်များကို အထက်လွှတ်တော်အမတ် Mitch McConnell က ဦးဆောင်တင်သွင်းခဲ့ခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ တပ်မတော်ဟာ သဘောကွဲလွဲသူတွေကို ဖိနှိပ်ဖို့ အကြမ်းဖက်ကျူးလွန်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေခဲ့ပါတယ်။ သူတို့ဟာ ကျွန်တော့်မိတ်ဆွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဩစတြေးလျစီးပွားရေးပညာရှင် ရှောင်တာနဲလ်အပါအဝင် ထောင်နဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ထိန်းသိမ်းထားဆဲပါ” ဟု Mitch McConnell က ဆိုသည်။
NDAA တွင် စစ်တပ်၏ ဖိနှိပ်မှုများကို တန်ပြန်ဖိအားပေးရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကဲ့သို့သော ဒီမိုကရက်တစ်အင်အားစု များကိုအားပေးထောက်ခံရေးနှင့် တပ်မတော်ကိုရှောင်လွှဲကာ လူသားချင်းစာနာမှုအကူအညီများပေး ရေး အချက်များပါဝင်သည်။

Public Service Announcement
Mitch McConnell နှင့် သံအမတ်ကြီး Vajda တို့ တွေ့ဆုံစဉ် အမေရိကန်နှင့် ဒေသတွင်း မိတ်ဖက်နိုင်ငံများအကြား မြန်မာ့အရေးကြိုးပမ်းဆောင်ရွက်မှုများ ရှေ့ဆက်တိုးတက်ရေးနည်းလမ်း များကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။
ထို့အပြင် မြန်မာပြည်သူများသည် အရပ်သားအစိုးရနှင့် ဒီမိုကရေစီအတွက် ၎င်းတို့၏ ကာလရှည်ကြာရုန်းကန်မှုများတွင် အမေရိကန်၏အပြည့်အ၀ကူညီမှုနှင့်ထိုက်တန်ကြောင်းလည်း အထက်လွှတ်တော်အမတ် Mitch McConnell က ဆိုသည်။
တဖက်တွင် အာဏာသိမ်းစစ်တပ်ကို ပိုမိုထိရောက်စွာအရေးယူနိုင်ရန် ရေးဆွဲထားသော BURMA Act ကို အမေရိကန်အောက်လွှတ်တော်က ဧပြီ ၆ ရက်တွင် အတည်ပြုဆုံးဖြတ်ခဲ့ပြီး အထက်လွှတ်တော်၏ အတည်ပြုဆုံးဖြတ်ချက်ရရှိရန် ဆက်လက်ပေးပို့မည်ဖြစ်သည်။
အောက်လွှတ်တော်က BURMA Act ကို ဒီမိုကရက် နှင့် ရီဗက်ပလစ်ကန်ပါတီနှစ်ရပ် ပူးတွဲသဘောတူညီမှုဖြင့် တင်သွင်းကာ အတည်ပြုခဲ့ခြင်းဖြစ်ပြီး အထက် လွှတ်တော်၌လည်း Mitch McConnell က ရီဗက်ပလစ်ကန်၏ ဩဇာကြီးဝါရင့်အမတ်ဖြစ်သဖြင့် ယင်းဥပဒေကို ဆက်လက်အတည်ပြု ဆုံးဖြတ်ဖွယ်ရှိနေသည်။


















































