Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်က ၁၅ရွာထက်မနည်း မီးရှို့ခဲ့သည့် ပေါက်နယ်မှဒေသခံများ အရေးပေါ် အကူအညီလိုအပ်နေ

စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာသို့ ပထမစတင်ဝင်ရောက်စဉ်က နွားတစ်ကောင်ကို မောင်းယူသွားသော်လည်း မီးရှို့မသွားကြောင်း၊ထို့နောက် ထပ်မံလာရောက်သည့် စစ်ကြောင်းက ရွာကို မီးရှို့ခဲ့၍ အိမ်ခြေ ၁၅၆လုံးရှိသည့် လယ်ယာရွာမှ အိမ်ခြေ ၆၆လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြော သည်။

ဓာတ်ပုံ - Salai Houng Aung Ling/FB

▪️နေအိမ်များမီးရှို့ခံရ၍ စစ်ကောင်စီတပ်အပေါ် နာကျည်းခံပြင်းကြောင်း ဒေသခံများထုတ်ဖော်ပြောကြား

မကွေးတိုင်း ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင် စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ရွာပေါင်း ၁၅ရွာထက်မနည်း မီးရှို့ခဲ့သည့် ပေါက်နယ်ရှိ ကျေးရွာများမှ ဒေသခံများ စားနပ်ရိက္ခာအပါအဝင် အရေးပေါ် အကူညီများ လိုအပ်နေသည်ဟု ဒေသခံကများက ပြောကြားသည်။

စစ်ကောင်စီတပ်က ဧပြီအတွင်း ပေါက်မြို့နယ်ရှိ သက္ကယ်ကျင်း၊ လယ်ယာ၊ လက်ပံလှ၊ ကျောက်အိုး၊ ကင်းမ၊ တောင်ချို၊ ဘို့မယ်၊ ဒိန်းကွင်း၊ ချောင်းဆုံ၊ တောင်ဘက်၊ ကျွန်းကြီး၊ ကျောင်းကုန်း၊ ရေကျော်၊ ပုတီး၊ သစ်ညီနောင် စသည့် ကျေးရွာများကို မီးရှို့ခဲ့သည်။ မီးရှို့ခံရသည့် ကျေးရွာအချို့မှ ပြည်သူများကို တွေ့ပြီးမေးမြန်းထားသည့် ရုပ်သံဖိုင်ကို Salai Houng Aung Ling အမည်ရှိ အကောင့်ပိုင်ရှင်က ယနေ့ ဧပြီ ၂၉ရက်ညပိုင်း၌ ဖော်ပြထားသည်။

ဓာတ်ပုံ – Salai Houng Aung Ling/FB

စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာသို့ ပထမစတင်ဝင်ရောက်စဉ်က နွားတစ်ကောင်ကို မောင်းယူသွားသော်လည်း မီးရှို့မသွားကြောင်း၊ထို့နောက် ထပ်မံလာရောက်သည့် စစ်ကြောင်းက ရွာကို မီးရှို့ခဲ့၍ အိမ်ခြေ ၁၅၆လုံးရှိသည့် လယ်ယာရွာမှ အိမ်ခြေ ၆၆လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

“စိတ်ခံစားချက်က ကျွန်တော်တို့က ကိုယ့်ရွာမှာကိုယ် အေးအေးချမ်းချမ်းနေလာရတဲ့ဘ၀ကနေ ဒီလိုမျိုးဖြစ်သွားတာဆိုတော့စိတ်ထဲမှာ ဝမ်းနည်းတာပေါ့။ ခံပြင်းစိတ် ၊ နာကျည်းစိတ်ပေါ့။ အဲဒါမျိုးတွေဖြစ်လာတယ်။ ဒါပေမဲ့ ကိုယ့်မှာ ဘာမှ မရှိတော့ ဘာမှမလုပ်နိုင်ဘူးပေါ့။ အခု ကြည့်နေတဲ့ သူတွေပဲဖြစ်ဖြစ် ပြည်သူတွေ ပေါ့ဗျာ အမှန်တရားဘက်ကနေ ဝိုင်းဝန်းပြီး ထောက်ပံ့မယ်ဆိုရင် ဒီကာလကြီးက မြန်မြန်ပြီးဆုံးသွားမယ်လို့ ပြောချင်ပါတယ်”ဟု လယ်ယာရွာခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ – Salai Houng Aung Ling/FB

ထို့အပြင် ဧပြီ ၁၁ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က မီးရှို့ခဲ့သည့် ကျောက်အိုးရွာမှ ဒေသခံတစ်ဦးကလည်း ၎င်းတို့ရွာ၌ အိမ်ခြေ ၈၃အိမ်ရှိရာ အိမ် ၈၀ မီးလောင်ပြာကျခဲ့ပြီး ကျန်နေသည့် သုံးလုံးမှာလည်း စစ်ကောင်စီတပ်များက ဖျက်ဆီးသွားကြကြောင်း ဖြေကြားသည်။

“ပထမစစ်ကြောင်းကလည်းရှို့ပါတယ်။ ပထမ စစ်ကြောင်းက အိမ်ခြေ ၄၀ ကျော်လောက်။ နောက်ထပ်လာတဲ့ စစ်ကြောင်းက ထပ်ရှို့တာ။ အိမ်ခြေ စုစုပေါင်းက ၈၃အိမ်ရှိတယ်။ကျန်တဲ့အိမ် ၃အိမ်ပဲ” ဟု ဒေသခံက ပြောသည်။

ရွာလုံးကျွတ်မီးလောင်သွား၍ ဒေသတွင်းအလှူရှင်များက တက်အားသရွေ့လှူကြသော်လည်း ကျန်းမာရေး၊ ဆေး၊ မိုးကာ၊ အဝတ်အထည် နှင့် စားနပ်ရိက္ခာ အခက်အခဲများရှိနေသည်ဟု ၎င်းက ဆိုသည်။

“ပစ္စည်းတွေကို ရွာအပြင်မှာ သိမ်းထားတဲ့ တဲတွေကိုပါမီးရှို့တော့ ဆန်နဲ့ စားနပ်ရိက္ခာကတော့ အဓိကပေါ့” ဟု ဒေသခံက ရွာသူရွာသားများ၏ လတ်တလော လိုအပ် ချက်ကို ပြောသည်။

ဓာတ်ပုံ – Salai Houng Aung Ling/FB

ရေအခက်အခဲရှိ၍ နေရာတိုင်း သွားနေ၍မရဘဲ ကန်များရှိရာနေရာများ၌ နေထိုင်နေကြရကြောင်း ၎င်းက ဆို သည်။

“ဝမ်းနည်းလည်း ဝမ်းနည်းတယ် ဒေါသလည်းထွက်တယ်။ ခံပြင်းတယ်ပေါ့။ဘာကြောင့်လဲဆိုတော့ ကိုယ့်ပြည်သူတွေ အချင်းချင်းကို သူတို့က ဒီလောက်တောင်လုပ်တယ်ဆိုတော့ ဘာပြောကောင်းမလဲဗျာ”ဟု ကျောက်အိုးရွာခံက ပြောသည်။

အပြစ်မရှိဘဲ အသတ်ခံရသူများ၊ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး၌ အသက်ပေးသွားရသူများ ၊ ရဲဘော်များကို ဂါရ၀ပြုသည်ဟုလည်း ကျောက်အိုးရွာခံက ပြောသည်။

စစ်ကောင်စီတပ်သည် ပေါက်မြို့နယ်ရှိ ကျေးရွာများအပြင် ဆက်စပ်ဒေသရှိ ဆိပ်ဖြူမြို့နယ်မှ ကျေးရွာများနှင့်ပခုက္ကူမြို့နယ်ရှိ ကျေးရွာအချို့တို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။