Connect with us

Hi, what are you looking for?

LuduNwayOo

News

သွေးသောက်ရဲ့နောက်ကွယ်

သွေးသောက်အဖွဲ့ဟာ မြေပြင်မှာသတ်ဖြတ်မှုတွေ လုပ်လာရုံသာမက လူမှုကွန်ရက်မှာလည်း လှုပ်ရှားပါတယ်။

သွေးသောက်ဆိုတဲ့အဖွဲ့ဟာ မန္တလေးမှာ အရပ်သားပြည်သူ ၅ ဦးထက်မနည်းသတ်ဖြတ်လိုက်ပြီး ဒီရက်ပိုင်းအတွင်းနာမည်နဲ့တကွ ပေါ်ထွက်လာတာပါ။

အသတ်ခံရသူတွေဟာ NLD ပါတီဝင်တွေ၊ NLD ပါတီကိုဝန်းရံထောက်ခံသူတွေဖြစ်ပါတယ်။ သူတို့ကို ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းကို လူမြင်ကွင်းမှာ စွန့်ပစ်တဲ့အထိ ထင်ထင်ပေါ်ပေါ်ကျူးလွန်ကြတာဖြစ်ပါတယ်။

စွန့်ပစ်သွားတဲ့ အလောင်းတွေရဲ့ လည်ပင်းမှာ သွေးသောက်အဖွဲ့ဆိုတဲ့ ကတ်ပြားကိုလည်း ရည်ရွယ်ချက်ရှိရှိ ချိတ်ဆွဲထားခဲ့ပါသေးတယ်။

အဲဒီကတ်ပြားမှာဆိုရင် အနီရောင်စက်ဝိုင်းအတွင်း ဆံပင်ယောင်ထုံး ထုံးထားပြီး အပေါ်ပိုင်းဗလာကျင်း၊ ထိုးကွင်းမှင်ကြောင် ထိုးထားတဲ့ ရှေးခေတ်အမျိုးသားတစ်ဦး ဓားနှစ်လက်နဲ့တိုက်ခိုက်နေဟန်ကို အနီရောင်စစ်ဆင်ရေးလို့ ရေးသားထားတဲ့စာသားနဲ့အတူတွေ့မြင်ရမှာပါ။

Public Service Announcement

Public Service Announcement

အခုလို သွေးသောက်အဖွဲ့ရဲ့ လူသတ်မှုတွေ မပေါ်ပေါက်ခင် ရက်ပိုင်းအလိုက စစ်ကောင်စီလိုလားသူတွေရဲ့ဖေ့ဘွတ်ခ်လူမှုအကောင့်အချို့ နဲ့ စစ်ကောင်စီသတင်းဝါဒဖြန့်ချီပေးနေတဲ့ဖေ့ဘွတ်ခ်စာမျက်နှာအချို့မှာ လူစွမ်းကောင်းအဖွဲ့ တစ်ဖွဲ့ ပေါ်ထွက်လာဖွယ်ရှိတယ်လို့ နိမိတ်ပြရေးသားတာတွေရှိခဲ့ပါတယ်။

ဒီအဖွဲ့မျိုးဟာ ရှေးမြန်မာဘုရင် လက်ထက်ကတည်းကရှိနေတာဖြစ်ပြီး တိုင်းပြည်ရဲ့အမျိုးဘာသာ၊ သာသနာကို ထိပါးလာချိန်မှ ထွက်ပေါ်လာတဲ့လူစွမ်းကောင်းတွေဖြစ်တယ်လို့ သူတို့က ကြိုဝါဒဖြန့်ထားကြပါတယ်။

ဒီဝါဒဖြန့်ချက်တွေအတူ သွေးသောက်အဖွဲ့ဟာ ပဒေသရာဇ်စနစ်နိဂုံးချုပ်ရာ မြန်မာဘုရင်မင်းဆက်နောက်ဆုံးမင်းနေပြည်တော်ဖြစ်ခဲ့တဲ့ မန္တလေးမှာ လူသတ်မှုတွေနဲ့အတူ ပေါ်ထွက်လာပါတော့တယ်။
သွေးသောက်အဖွဲ့ဟာ သူတို့ရဲ့စစ်ဆင်ရေးကြေညာချက်ကို ဧပြီလ ၂၁ ရက်ရက်စွဲနဲ့ လူမှုကွန်ရက်မှာ စတင်အသိပေးခဲ့တာပါ။

စစ်ဆင်ရေးကို အနီရောင်စစ်ဆင်ရေးလို့အမည်ပေးထားပြီး ” NLD ပါတီဝင်တွေ ၊NLD ပါတီထောက်ခံအစွန်းရောက်သူတွေ၊ PDF အဖွဲ့တွေနဲ့ဆက်နွယ်နေတဲ့မိသားစုဝင်တွေကို လက်စတုံးချေမှုန်း” မယ်လို့ ရေးသားထားပါတယ်။

ဒီစာထွက်လာပြီး ရက်ပိုင်းအကြာ ဧပြီလ ၂၄ ရက်ကနေ ဧပြီလ ၂၇ ရက်အထိ မန္တလေးမှာ လူ ၈ ဦး သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေနဲ့ အသတ်ခံခဲ့ရပါတယ်။

အသတ်ခံရသူအချို့မှာ သူတို့ လက်ရာခြေရာဖြစ်တယ်ဆိုတာကို သိအောင် သွေးသောက်အဖွဲ့ကတ်ပြားကိုချန်ရစ်ထားတာတွေ့ရပါတယ်။

မန္တလေးမြို့ခံလည်းဖြစ် NLD ပါတီ ကိုကာလရှည်ကြာ ဝန်းရံသူတစ်ဦးက သွေးသောက်အဖွဲ့ရဲ့လုပ်ရပ်ဟာ ပြည်သူချင်းသတ်ဖြတ်သယောင်ဖန်တီးတာဖြစ်ပြီး လူထုကြား ထိတ်လန့်အောင် တမင်လုပ်ဆောင်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

” NLD ကိုပဲ ဦးတည်တော့ ဘယ်သူလက်ရာလဲ ရှင်းနေတာပဲ အရင်ကထက်တော့ သတိပိုထားရတာပေါ့ ” လို့အဲဒီမြို့ခံက ပြောပါတယ်။

မန္တလေးမှာစတင်တဲ့ သွေးသောက်အဖွဲ့ဟာ ရန်ကုန်ဘက်ဆီကိုလည်း ခြေဆန့်လာပါတယ်။
PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင် ဟိန်းထက်ရဲ့ အဖိုးကို မင်္ဂလာဒုံက နေအိမ်မှာ သွေးသောက်အဖွဲ့က ဧပြီ ၂၈ ရက် နေ့လယ်ဘက် သွားရောက် ပစ်သတ်ခဲ့ပါတယ်။

ဒီလုပ်ကြံသတ်ဖြတ်မှုဟာ ရန်ကုန်သွေးသောက်အဖွဲ့ရဲ့ လက်ချက်လို့ အမျိုးသားရေးလှုပ်ရှားသူဆိုသူတွေ ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားတာတွေရှိနေပါတယ်။

“မင်းသားက မင်းသားအလုပ်မလုပ်ဘဲ ကဲ … ဘယ်နဲ့ရှိတုန်း။ ကိုယ့်လူ မင်းတောထဲကနေ ငိုနေမယ်ထင်တယ်။ မင်းရဲ့ချစ်လှပါတဲ့အဖိုးတော့ မင်းအတွက် မတ်စေ့ ငုံသွားပြီနော်။ မန်းက အမျိုးတို့ရေ ရန်ကုန်သွေးသောက်အဖွဲ့ ကလည်း လက်စွမ်းထက်တယ်နော်” လို့ ဂုဏ်ယူဝင့်ကြွားစွာရေးသားမျိုးထိတောင်တွေ့ရပါတယ်။

သွေးသောက်အဖွဲ့ဟာ မြေပြင်မှာသတ်ဖြတ်မှုတွေ လုပ်လာရုံသာမက လူမှုကွန်ရက်မှာလည်း လှုပ်ရှားပါတယ်။

တယ်လီဂရမ် မှာဆိုရင် Thwe Thout Group ချန်နယ်ကို ဧပြီလ ၂၅ ရက်မှာ စတင်ဖန်တီးထားသလို ရန်ကုန်သွေးသောက်အဖွဲ့ ဖြစ်တဲ့ Yangon Castigate Group – YCS ရဲ့ ချန်နယ်ကိုလည်း အဲဒီညမှာပဲ ဖွင့်လှစ်ထားတာတွေ့ရပါတယ်။

အဲဒီချန်နယ်တွေမှာ သွေးသောက်အဖွဲ့ကကြေညာချက်တွေ၊ ခြိမ်းခြောက်တာတွေကို တင်ပါတယ်။
သွေးသောက်အဖွဲ့ရဲ့ တယ်လီဂရမ်က လှုပ်ရှားမှုတွေကို စစ်ကောင်စီလိုလားသူတွေနဲ့အမျိုးသားရေးလှုပ်ရှားသူတွေက ဖေ့ဘွတ်ခ် လူမှုကွန်ရက်မှာ ဝမ်းသာအားရ တဆင့် ပြန်လည်မျှဝေကြတာတွေရှိနေပါတယ်။

သွေးသောက်အဖွဲ့ဟာ စစ်ကောင်စီနဲ့မဆက်နွယ်သလို ပျုစောထီးလည်းမဟုတ်ကြောင်း ကျယ်ကျယ်လောင်လောင်ပြောကြပါတယ်။

တပြိုင်တည်းမှာပဲ သွေးသောက်အဖွဲ့ဟာ ” တိုင်းပြည် တည်ငြိမ်ရေးအတွက် အစွန်းရောက်တွေကို ရှင်းလင်းပေးနေတာ” လို့ လည်းရေးသားပါသေးတယ်။

စစ်ကောင်စီဘက်ကတော့ သူတို့အနေနဲ့ ပြည်သူ့စစ်အဖွဲ့ တစ်ခုပဲဖွဲ့ပြီး တခြား ဘယ်အဖွဲ့အစည်းကိုမှ ဖွဲ့ထားတာမရှိဘူးလို့ သွေးသောက်အဖွဲ့ ထွက်ပေါ်လာချိန်မှာ ပြောထားပါတယ်။

ဒါပေမယ့် သွေးသောက်အဖွဲ့ဟာ အချိန်တိုတွင်းမှာပဲ ကျောက်ဆည်နဲ့ နေပြည်တော်မှာပါ လှုပ်ရှားမှုတွေဆောင်ရွက်မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲကြေညာလာပါတယ်။

ကြေညာချက်ထဲမှာဆိုရင် စစ်အာဏာသိမ်းတာကိုဆန့်ကျင်သူတွေ၊ NLD ပါတီဝင်တွေနဲ့ဝန်းရံသူတွေအပြင် မိသားစုဝင်တွေကိုပါ လုပ်ကြံသတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ထားပြီး နေအိမ်နဲ့စီးပွားရေး လုပ်ငန်းတွေကိုမီးရှို့မယ်လို့ ကြိမ်းထားပါတယ်။

ကျောက်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ပျုစောထီးတို့ ၊သွေးသောက် တို့ဟာ ဒီအတိုင်းပေါ်လာတဲ့အဖွဲ့တွေမဟုတ်ဘဲ “စစ်ကောင်စီရဲ့ နည်းဗျုဟာအစိတ်အပိုင်းတစ်ခု ” လို့ သူတို့ရဲ့ဖေ့ဘွတ်ခ်မှာအတိအလင်းမှတ်ချက်ပြုထားပါတယ်။

စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကစလို့ စစ်တပ်က ပြည်သူတစ်ဦးချင်းစီရဲ့ အသက်အိုးအိမ်စည်းဇိမ်အပေါ် နည်းမျိုးစုံနဲ့ကျူးလွန်မှုတွေယူနီဖောင်းပြည့်နဲ့ ထင်ထင်ပေါ်ပေါ်ကျူးလွန်ခဲ့တာဖြစ်ပြီးတော့ အခုချိန်မှာတော့ အရပ်သားဝတ်လူတစ်စုကပါ ပေါ်ပေါ်ထင်ထင်ကျူးလွန်လာတာလည်းဖြစ်ပါတယ်။

“သွေးသောက်အဖွဲ့ဆိုပြီး သောင်းကျန်းနေပေမဲ့ စစ်အာဏာသိမ်းအစိုးရဟာ မြို့ပြပျောက်ကြားတွေကို အရေးယူတုန်းကလို အရေးယူမှုနဲ့ စုံစမ်းမှု တစ်ခုမှ မတွေ့ရပါဘူး။ ဒါကိုက ဒီ သွေးသောက်အဖွဲ့ဟာ အာဏာသိမ်းအစိုးရနဲ့ လုံးဝပတ်သက်နေမှန်း သိသာနေပါတယ်” လို လွတ်မြောက်နယ်မြေရောက်နေတဲ့ အနုပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

“တော်လှန်ရေးမှာပါဝင်နေသူတွေထဲက ထင်ရှားသူတွေအနေနဲ့တော့ ခြိမ်းခြောက်မှု ကြီးမားခြင်းဟာ ဒီသွေးသောက်အဖွဲ့ကြောင့် မဟုတ်ပါ။ သွေးသောက်အဖွဲ့ဆိုတာလဲ စစ်အုပ်စုပဲ ဖြစ်တဲ့အတွက် ဒါတွေအားလုံးဟာ စစ်အုပ်စုမှာသာ တာဝန်ရှိပါတယ်” လို့ သူက ထပ်လောင်းပြောကြားပါတယ်။

ဆက်စပ်သတင်းများ