Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျောက်ညှပ်စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ဗိုလ်မှူးကြီးစောထူးကရှောမှာ KNU တပ်မဟာ(၅)၏ စစ်ရေးဘက်၌ အရေးပါသူဖြစ်

ဗျူဟာမှူးလည်းဖြစ်သူ ဗိုလ်မှူး စောထူးကရှော ကျဆုံးသွားခဲ့သော်လည်း စိတ်ဓာတ်မကျဘဲ မပြီးဆုံးသေးသည့် ရည်မှန်းချက်များ အတွက် တိုက်ပွဲဆက်လက် ဆင်နွှဲရမည်ဖြစ်သည်ဟု ဆိုသည်။

●ဗျူဟာမှူးကျဆုံးခဲ့သော်လည်း စိတ်ဓာတ်မကျရန်၊ ရည်မှန်းချက်အတွက် ဆက်လက်တိုက်ပွဲဝင်ရန် နှင့် သင်ခန်းစာယူရန် တိုက်တွန်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်၏ ကျောက်ညှပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာတွင် တပ်မဟာ(၅)၏ စစ်ရေးအရ အရေးပါသည့် ဗျူဟာမှူး ဗိုလ်မှူးကြီးစောထူးကရှော ကျဆုံးခဲ့သည်။

ဧပြီ ၂၈ရက်တွင် ကျောက်ညှပ်စခန်းကို KNU တပ်မဟာ(၅) ဦးဆောင်၍ BPLA (ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်) အပါအဝင်ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရေး မဆောင်ရွက်မီ ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီးစောထူးကရှော ရှေ့တက်လာခဲ့ရာ စစ်ကောင်စီတပ်၏ ဒဏ်ရာရ စစ်သည် ပစ်ခတ်သည့် ကျည်ထိမှန်ကျဆုံးခဲ့သည်ဟု ရေးသားဖော်ပြမှုများရှိသည်။

ယင်းကျဆုံးမှုအပေါ် KNU ဗဟိုမှ သတင်းရင်းမြစ်က အတည်ပြုခဲ့ပြီး လာမည့် တိုက်ပွဲများ၌ သင်္ခန်းစာယူကြရမည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

“နောက်နောင်မဖြစ်ဖို့ ကျွန်တော်တို့ ကရင်တိုင်းရင်းသားလက်နက်ကိုင်တင်မဟုတ်ဘဲနဲ့ တခြား ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တခြားတော်လှန်ရေးအင်အားစုတွေ အားလုံးသင်ခန်းစာယူဖို့ အရေးကြီးတဲ့အချက်” ဟု ၎င်းက ဆက်​ပြောသည်။

ဗိုလ်မှူးကြီးစောထူးကရှောသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၏တပ်မဟာ(၅)တွင် တပ်မဟာမှူးပြီးပါက စစ်ရေးဘက်တွင် ဒုတိယ အမြင့်ဆုံး ပုဂ္ဂိုလ်ဟု ဆိုနိုင်ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ဗျူဟာမှူးလည်းဖြစ်သူ ဗိုလ်မှူး စောထူးကရှော ကျဆုံးသွားခဲ့သော်လည်း စိတ်ဓာတ်မကျဘဲ မပြီးဆုံးသေးသည့် ရည်မှန်းချက်များ အတွက် တိုက်ပွဲဆက်လက် ဆင်နွှဲရမည်ဖြစ်သည်ဟု ဆိုသည်။

“ကျဆုံးတဲ့နောက်မှာ စိတ်ဓာတ်မကျဖို့ပေါ့။ သူဟာ အကောင်းဆုံးလုပ်ခဲ့တယ် သူတာဝန်ကျေခဲ့တယ်။ ကျန်ခဲ့တဲ့ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေ ခေါင်းဆောင်တွေ မပြီးဆုံးသေးတဲ့ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက် ကျွန်တော်တို့ရဲ့ တာဝန်တွေကိုဆက်လက်ပြီး ဆုံးခန်းတိုင်အောင် ဆက်လုပ်ရမှာပေါ့” ဟု KNU ဗဟိုမှ သတင်းရင်းမြစ်က တိုက်တွန်းသည်။

ကျောက်ညှပ်စခန်းသိမ်း တိုက်ပွဲ၌ KNLA တပ်မဟာ(၅)နှင့်အတူး ပူးပေါင်း တိုက်ခိုက်ခဲ့သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကလည်း တိုက်ပွဲဖြစ်စဉ် ရုပ်သံမှတ်တမ်းကို ယနေ့ ဖော်ပြခဲ့သည်။ အဆိုပါ စခန်းသိမ်း တိုက်ပွဲဆင်နွှဲရန် ဗျူဟာမှူးဗိုလ်မှူးကြီးစောထူး ကရှောကိုယ်တိုင်ဦးဆောင်ပြီး လေ့ကျင့်ပြင်ဆင်မှုများစွာ လုပ်ဆောင်ခဲ့သည်ဟု BPLAက ထုတ်ပြန်သည်။

“အဲ့ဒီတိုက်ပွဲမှာ လုံးဝ မမျှော်လင့်ဘဲ ဗျူဟာမှူးကျသွားပြီး BPLA ရဲဘော်သုံးယောက် ဒဏ်ရာရခဲ့တယ်။ ကျနော်တို့ရခဲ့တာနဲ့ ကျနော်တို့ပေးလိုက်ရတာ လုံးဝ မတန်ပါဘူး။ ဘယ်လိုအခြေအနေပဲရောက်ရောက် ကျနော်တို့ ရှေ့ဆက်တိုးပြီး ရဲရင့်မယ်။ ကရင်ဒေသမှာပဲတိုက်တိုက်၊ ပြည်မမှာပဲ တိုက်တိုက် ရန်သူက အတူတူပဲဆိုတာ နားလည်ရမယ်။ ဘုံရန်သူ အတူတူပဲဆိုရင် ကျနော်တို့လက်တွဲလို့ရတယ်။ ရန်ငါပြတ်ဖို့တော့လိုတယ်” ဟု BPLAက ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

BPLA မှ ​မောင်​ဆောင်းခကလည်း ဗိုလ်မှူးကြီး​စောထူးက​ရှောနှင့်ပတ်သပ်၍”လေ့ကျင့်ရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်ယူရေးနဲ့ ရှေ့တန်းနေရာချထားမှုတွေကို သူနဲ့ပဲတိုက်ရိုက်တိုင်ပင်အလုပ်လုပ်ရပါတယ်။ ဒုတိယအပတ်စဥ်သင်တန်းဖွင့်ပွဲ၊ သင်တန်းဆင်းပွဲစသည်ဖြင့် သူကိုယ်တိုင်တက်ရောက်အားပေးပြီး BPLA ကို ခိုင်မာတဲ့တပ်တော်တစ်ခုဖြစ်စေချင်ခဲ့သူပါ။ တပ်မဟာ ၅ ခွင်ထဲမှာ သူ့ဦးဆောင်မှုအောက်ကနေ ၄ လ ကျော်ကြာ တိုက်ပွဲအတွေ့အကြုံရရှိလိုက်တာဟာ BPLA အတွက် အဖိုးမဖြတ်နိုင်တဲ့အခွင့်အရေးတစ်ခုပါပဲ။ သူဟာ တပ်မဟာ ၅ ရဲ့ ခေါင်းဆောင်တစ်ဦးတင်မဟုတ်ဘဲ ကျနော်တို့အတွက်လည်း ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ကျဆုံးမှုဟာ တော်လှန်ရေးအတွက် အစားထိုးမရတဲ့ဆုံးရှုံးမှုကြီးတစ်ခုလို့ပြောရင် မမှားပါဘူး။ တိုက်ခိုက်ရေးမှာ အမျှော်အမြင်ရှိမှု၊ တည်ကြည်ထက်မြက်မှု၊ ခေါင်းဆောင်ကောင်းပီသမှုနဲ့ ရဲရင့်ပြတ်သားမှုတွေရှိတဲ့သူ့ကို ကျနော်တို့ BPLA ရဲဘော်တွေအားလုံးက လေးစားဦးညွှတ်ဂုဏ်ပြုရင်း အမြဲအမှတ်ရနေမှာဖြစ်ပါတယ်” ဟု​ရေးသားဂုဏ်ပြုခဲ့သည်။

ယခု KNLA တပ်မဟာ(၅)၏ ဗိုလ်မှူးကြီး စောထူးကရော တိုက်ပွဲ၌ ကျဆုံးမှုသည် ၂၀၁၂ ခုနှစ်က KNU အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ခဲ့သည့်နောက်ပိုင်း တိုက်ပွဲများ၌ KNU ဘက်က ရာထူး အမြင့်ဆုံး ကျဆုံးမှု လည်းဖြစ်သည်ဟု သိ့ရသည်။ ယခုအခါ KNU လက်​အောက်တွင် တပ်မဟာ ၇ ခုရှိရာ အများစုတွင် စစ်​ကောင်စီတပ်နှင့်တိုက်ပွဲများဖြစ်ပွား​​​နေသည်။ KNLA ဦး​ဆောင်​သော တပ်များသည် စခန်းသိမ်းတိုက်ပွဲများကိုလည်း ပိုမိုပြုလုပ်လာ​နေပြီး ၊ဧပြီ ၂၈ ရက်ကသိမ်းယူခဲ့​သော​ကျောက်ညှပ်စခန်းမှာ စစ်​ရေးအရအ​ရေးပါ​သောစခန်းတစ်ခုဖြစ်​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။