NUG အပါအဝင် အရပ်ဘက်ခေါင်းဆောင်များကို တရားဝင်အသိအမှတ်ပြုပြီး အာဏာသိမ်း စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတိုးမြှင့်လုပ်ဆောင်ရန် အမေရိကန်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ်က သမ္မတဘိုင်ဒင် အစိုးရအဖွဲ့ကို တိုက်တွန်းတောင်းဆိုသည်။
အထက်လွှတ်တော် ရီဗက်ပလစ်ကန်ခေါင်းဆောင်အမတ် မက်ကောနဲလ်က မေ ၂၅ ရက်တွင် ပြုလုပ်သော မြန်မာ့ဒီမိုကရေစီ ကူညီထောက်ပံ့ရေးအမေရိကန်၏မဟာဗျူဟာကြားနာပွဲ၌ ဘိုင်ဒင် အစိုးရအဖွဲ့ကိုယ်စားလှယ်များကိုတောင်းဆိုခဲ့ခြင်းဖြစ်သည်။
မကြာသေးမီက ဝါရင့်အထက်လွှတ်တော်အမတ်မက်ကောနဲလ်နှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့၏ တွေ့ဆုံမှုတွင် အရပ်သားခေါင်းဆောင်မှုကို တရားဝင်အသိအမှတ်ပြုရေး မြှင့်တင်ရန်၊ မြန်မာစစ်တပ်ကိုထောက်ပံ့နေသည့် အမြစ်၊ ပင်စည်၊ အကိုင်းအခက်များကို ပိတ်ဆို့ အရေးယူရန်နှင့် မြန်မာပြည်သူလူထုကို တိုက်ရိုက်အကူအညီပေးရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက် ရန် အချက် ၃ ခုကို အဓိကတောင်းဆို တိုက်တွန်းခဲ့သည်။

အဆိုပါ NUG နိုင်ငံခြားရေးဝန်ကြီး၏ တောင်းဆိုချက်များကို သမ္မတဘိုင်ဒင်အစိုးရအဖွဲ့က အ ကောင်အထည်ဖော်ဆောင်ရွက်ရန် ဝါရင့်အထက်လွှတ်တော်အမတ်ကထပ်လောင်းတောင်းဆို ခဲ့သည်။
“မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက ရှုပ်ထွေးတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရ အတွက်အဆိုပြုချက်က ရိုးရှင်းပါတယ်။ ဒီမိုကရေစီရရှိရေး စိတ်ပိုင်းဖြတ်ထားတဲ့လူထုကို နောက်ဆုံးမှာ သူတို့ကိုယ်တိုင်နားလည်သဘောပေါက်အောင် ကူညီပေးဖို့ ကျွန်တော်တို့မှာ ဆန္ဒရှိ လားဆိုတာပါပဲ။ ဒီတောင်းဆိုမှုကို ဖြည့်ဆည်းပေးဖို့ ဘိုင်ဒင်အစိုးရအဖွဲ့က ဘယ်လိုအစီအမံတွေ ရှိသလဲဆိုတကျွန်တော်ကြားရဖို့ မျှော်လင့်နေပါတယ်” ဟု မစ်ချ်မက်ကောနဲလ်က ပြောကြားခဲ့သည်။
အမေရိကန်အစိုးရအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေးအ တိုင်ပင်ခံကောင်စီ(NUCC) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDFs) ကဲ့သို့သော မြန်မာပြည်သူ လူထုထောက်ခံမှုရှိသော ကိုယ်စားပြုအဖွဲ့များနှင့် တရားဝင်အသိအမှတ်ပြုရေး၊ တွေ့ဆုံဆွေး နွေးရေး၊ ထောက်ပံ့ကူညီရေးအဆင့်များအတွက်ပြင်ဆင်ထားမှုအခြေအနေကိုလည်း သြဇာကြီးမားသော ဝါရင့်အထက်လွှတ် တော်အမတ်က မေးခွန်းထုတ်သည်။
ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်ထိပ်ပိုင်းကိုသာ အရေးယူပိတ်ဆို့ရုံဖြင့် မလုံလောက်ဘဲ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း(MOGE)အပါအဝင် မြန်မာစစ်တပ်၏ နိုင်ငံခြားကူညီ ပေးသူများနှင့် ပူးပေါင်းမိတ်ဖက်များကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူရန် နောက်ဆက်တွဲ ဆောင်ရွက်အစီအစဉ်များကိုလည်း မေးမြန်းခဲ့သည်။
မစ်ချ်မက်ကောနဲလ်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းရင်းနှီးခင်မင်ပြီး ၊မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာအားပေးကူညီလာသူဖြစ်သည်။ NDAA တွင် မြန်မာ့နွေဦးတော်လှန်ရေးအတွက် ဒေါ်လာ သန်း၁၃၀ ကျော်ကူညီပေးနိုင်ရန် အဓိကစွမ်းဆောင်ပေးခဲ့သော ဝါရင့်လွှတ်တော်အမတ်လည်းဖြစ်သည်။
