မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြစ်သာရေလှောင်တမံဒေသအတွင်း ကင်းလှည့်နေသော စစ်ကောင်စီတပ်ကို ပြင်းအားကောင်းသည့် မိုင်းသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)က ထုတ်ပြန်သည်။
ယနေ့(မေ ၂၈ ရက်)နံနက် ၆နာရီခန့်ကတွင် တိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်အရ ဆိုင်ကယ်သုံးစီး နှင့် ကားသုံးစီးပါ စစ်ကောင်စီအုပ်စုကို ကြိုတင်ပြင်ဆင်တိုက်ခိုက်ခဲ့ခြင်းဟု YDF တာဝန်ရှိသူက ဆိုသည်။
“ကျွန်တော်တို့ ပြင်ဆင်ပြီး သားမိုင်းတွေပါ။ နောက်လည်း ပြင်ဆင်ထားတာတွေရှိပါသေး တယ်။ဒီနေ့ တိုက်ခိုက်မှုမှာ ရန်သူစစ်တပ်ရဲ့ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲပါ”ဟု ၎င်းက People’s Spring သို့ ပြောသည်။

ဖောက်ခွဲခဲ့သည့် ပြင်အားမြင့် မိုင်းသုံးလုံး၏ ပေါက်ကွဲသံမှာ (၁၅) မိုင်ခန့်အထိကျယ်လောင်စွာကြားရကြောင်းလည်း YDF က အသိပေးသည်။
ယနေ့တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်သည် မေလ ၂၆ ရက်က မြစ်သာတမံဧည့်ရိပ်သာရှိ PDFနှင့်YDFစခန်းများရှိရာသို့ ရဟတ် ယာဉ် ငါးစီးခန့်အသုံးပြုကာ လက်နက် ကြီးလက်နက် ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တပ်စွဲလာသည့်အဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement
အင်အား ၁၀၀ခန့် ရှိသော စစ်ကောင်စီတပ်သည် မေလ ၂၆ ရက် ညနေပိုင်းကစ၍ မြစ်သာဆည်တစ်ဝိုက်တွင် တပ်စွဲခဲ့ကာ တိုက်ခိုက်ရေးရဟတ်ယာဥ်တစ်စီးပါ အရန်သင့်ထားရှိထားသည်ဟု ဂန့်ဂေါမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
အကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဥ်များဖြင့် တိုက်ခိုက်မှုတွင် ရဲဘော် ခုနှစ်ဦးထက်မနည်းကျဆုံးခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှုများအချိန်မရွေးဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့်လည်း လေကြောင်းရန် အန္တရာယ်ကို အထူးသတိပြုနေထိုင်ရန် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားသည်။
