Eagle Guerrilla Forceအဖွဲ့မှ ရဲဘော်တစ်ဦး အဖမ်းခံရပြီး တစ်ဦး ဒဏ်ရာရ
ပဲခူးရိုးမတွင် Eagle Guerrilla Force အဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်သည်။
မေလ ၃၀ နံနက် ၁၀နာရီခွဲခန့်တွင် ပဲခူးခရိုင်တပ်ရင်းအမှတ် (၃၇၀၁) တပ်ခွဲ – ၁ ဖြစ်သည့် Eagle Guerrilla Force အဖွဲ့သည် စခန်းသစ်အတွက် နေရာရှာဖွေရန်တစ်ဖွဲ့နှင့် ကင်းတာဝန်တစ်ဖွဲ့ထွက်ခွာချိန် လမ်းကြောင်းဖြင့် ကြားမှဖြတ်ဝင်လာသည့် အင်အား ၃၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ခြင်း ဖြစ်သည်။
“ထိတွေ့တိုက်ပွဲကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား လေးဦးကျဆုံးကာ ၁၀ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ “ဟု Eagle Guerrilla Force အဖွဲ့က အသိပေးထားသည်။

Public Service Announcement
Eagle Guerrilla Force ဘက်မှ ရဲဘောတစ်ဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦး ဖမ်းဆီးခံရသည်ဟု ယင်းအဖွဲ့က ဆိုသည်။
“ရိုးမမှထွက်ခွာပြီး အဖမ်းခံရသော ရဲဘော်တစ်ဦးမှအပ ကျန်ရဲဘော်အားလုံး မိခင်တပ်ရင်းသို့ ဘေးကင်းစွာရောက်ရှိခဲ့သည်”ဟု Eagle Guerrilla Force အဖွဲ့က ထုတ်ပြန်ထားသည်။
အကြောင်းအမျိုးမျိုးကြောင့် ရိုးမကို စွန့်ခွာခဲ့ရသော်လည်း ရောက်သည့်နေရာမှ စစ်ကောင်စီကို ဆက်လက်တော်လှန်မည်ဟု ယင်းအဖွဲ့က ကြေညာထားသည်။


















































