■ အရာတော်ဒေသခံ ကောက်ရထားသည့် စစ်ကောင်စီတပ်သား၏ ဖုန်း၌ အရပ်သားများစွာကို လက်ပြန်ကြိုးတုပ်ဖမ်းထားခြင်း၊ သတ်ဖြတ်ခြင်း ဓာတ်ပုံစသော စစ်ရာဇဝတ်မှုများကို စိတ်လိုလက်ရကျူးလွန်ကြောင်း အထောက်အထား ရုပ်သံမှတ်တမ်းများပါဝင်
စစ်ကောင်စီတပ်သား တစ်ဦးကျကျန်ခဲ့သည့် ဖုန်းတစ်လုံးကို စစ်ကိုင်းတိုင်း အရာတော် ဒေသခံတစ်ဦးက ကောက်ရခဲ့ရာ ယင်းဖုန်းအတွင်း၌ စစ်ကောင်စီတပ်သားများက လူများစွာကို သတ်ဖြတ်ခဲ့ကြောင်း ပြောကြားသည့် ရုပ်သံမှတ်တမ်းနှင့် အရပ်သားများစွာကို ဖမ်းဆီး လက်ပြန်ကြိုးတုပ်ထားသည့် ဓာတ်ပုံများ၊ ရုပ်အလောင်းဓာတ်ပုံများကို တွေ့ရကြောင်း RFA သတင်းဌာနက ယနေ့ ဖော်ပြလိုက်သည်။
စစ်ကိုင်းတိုင်း၌အာဏာသိမ်းစစ်ကောင်စီက စစ်ဆင်ရေးလုပ်ဆောင်သည့် ကာလအတွင်း စစ်ကောင်စီတပ်သားများ၏ ရက်စက်ကြမ်းကြုတ်မှုများကို သိသာပေါ်လွင်စေသည့် ဓာတ်ပုံနှင့် ဗွီဒီယို မှတ်တမ်း ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံပေါင်း ၁၄၄ ရရှိထားသည်ဟုသိရပြီးအရပ်သား ၃ဝ ခန့်ကို လက်ပြန်ကြိုးတုပ်ဖမ်းထားပြီး၊ ဘုန်းကြီးကျောင်းတစ်ကျောင်းအောက်၌ စုပြီးထိုင်ခိုင်းထားသည့် ပုံများ၊ မျက်လုံးကို ပုဆိုးစဖြင့်စည်း၊ လက်ပြန်ကြိုးတုတ်၊ နောက်စေ့ကနေ ပစ်သတ်ခံထားပြီး သွေးအိုင်ထဲလဲနေသည့် အရပ်ဝတ် လူငါးယောက် ၏ ပုံများ ပါဝင်ပြီး ယင်းဓာတ်ပုံ၌ လူများစွာကို သတ်ဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည့် စစ်ကောင်စီတပ်သား များ၏ဓာတ်ပုံလည်း ပါဝင်ခဲ့သည်ဟုဆိုသည်။
“ပုံတွေထဲမှာ စစ်သားတယောက်က Selfie လို့ခေါ်တဲ့ ကိုယ့်ဘာသာကိုယ် ရိုက်ထားတဲ့ပုံတွေ ပါဝင်တဲ့အတွက် တယ်လီဖုန်းဟာ အဲဒီစစ်သားရဲ့ဖုန်းလို့ ကောက်ချက်ချနိုင်ပါတယ်။ သူက ဒီရုပ်သံကိုလည်း သူ့ဘာသာရိုက်ယူနေတာပါ။ ၁ဝ မိနစ်ခွဲနီးပါး ရှည်လျားတဲ့ ဗီဒီယိုမှတ်တမ်းမှာတော့ အလောင်းတွေကို ရပ်ကြည့်နေတဲ့ ဓာတ်ပုံတွေထဲက လက်နက်ကိုင်စစ်သားနှစ်ယောက်၊ လက်မောင်းမှာ တပ်ကြပ်တံဆိပ်နဲ့ စစ်သားတစ်ယောက်၊ စုစုပေါင်းသုံးယောက်က လူတွေကို ဘယ်လိုဘယ်နည်း သတ်ဖြတ်ခဲ့တယ်၊ ဘယ်နှစ်ဦးကို သတ်ဖြတ်ခဲ့တယ်… စသဖြင့် ပြောနေကြတာကို တွေ့ရကြားရပါတယ်” ဟု RFA သတင်းက တင်ဆက်သည်။

စစ်ကောင်စီ တပ်သားများ၏ ပြောကြားသည့် ရုပ်သံမှတ်တမ်းကိုလည်း ဖော်ပြခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးက သူ့အနေဖြင့် ၂၆ယောက် သတ်ခဲ့ကြောင်း ပြောကြားသည်။ စစ်ကောင်စီတပ်သား သုံးဦး အချင်းချင်း ပြောဆိုနေခြင်းလည်းဖြစ်သည်။
“၂၆ ယောက်တောင် သတ်ဖူးတယ်ဆိုတော့ ဘယ်လိုတွေ သတ်ဖူးသလဲလို့၊ သေနတ်နဲ့ပဲ ပစ်တာလား”
“မဟုတ်ဘူးလေကွာ၊ အဲဒီလိုတော့။ သေနတ်နဲ့ပစ်တာတော့ ရှိတယ်လေကွာ။ လက်နဲ့တော့ မသတ်ခဲ့ဘူးပေါ့”
“ကျွန်တော်ကတော့ လည်ပါလှီးခဲ့တယ်”
“လည်ပင်းလှီးတာ။ အဲလိုလည်လှီးခဲ့တာတော့ အများကြီးပေါ့” “ကျွန်တော်သတ်တာ ငါးယောက်ပဲ သတ်ဖူးတယ်။ ငါးယောက်ထဲပဲရှိတယ်” “ငါမသတ်ဖူးဘူး””ကြောက်နေတယ်… သမီးကြောက်တယ်… ဟားဟားဟား…””ရှစ်ယောက်လောက် ရှိသွားပြီ။ ဟေ့ကောင် မင်းသိတယ်နော်။ ၈ ယောက်လောက်ရှိသွားပြီ” စသည့် စစ်ကောင်စီတပ်သား ၃ ဦးကလူသတ်သည်ကို စိတ်လိုလက်ရအချင်းချင်း ပြောဆိုနေသည်ကို RFAက ဖော်ပြသည့် ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။
ဓာတ်ပုံများပါ အင်္ကျီလက်မောင်းတံဆိပ်များ၊ သေနတ်ဒင်ပါ နံပါတ်များအရ အဆိုပါ စစ်ကြောင်းတွင် စစ်ကိုင်းတိုင်းအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) လက်အောက်ခံ တပ်မှ တပ်သားများ ပါဝင်သကဲ့သို့ ရန်ကုန်အခြေစိုက် အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ (၇၀၈) မှ စစ်သားများ ပါဝင်သည်။

ဓာတ်ပုံများကို လေ့လာချက်အရ တရုတ်နိုင်ငံလုံ OPPO ဖုန်းအမျိုးအစား ဖြင့် ရိုက်ကူးထားခြင်းဖြစ်ပြီး ယခုနှစ် ဧပြီ ၁၃ရက်မှ ဇွန်လ ၃ရက်နေ့အကြား ရိုက်ကူးထားသည့် ပုံများဖြစ်သည်ဟု သိရသည်။
“ အရပ်သားတွေကို လက်ပြန်ကြိုးတုပ်ပြီးဖမ်းထားတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးတဲ့နေ့စွဲက အခုနှစ် မေလ ၁ဝ ရက်နေ့ ဖြစ်ပြီး၊ လူငါးယောက်ကို သတ်ဖြတ်ထားတဲ့ဓာတ်ပုံ ရိုက်ကူးထားတဲ့နေ့စွဲက မေလ ၁၁ ရက်နေ့ ဖြစ်ပါတယ်။ ဒါ့အပြင် အဖမ်းခံထားရတဲ့သူတွေနဲ့ အသတ်ခံထားရသူတွေကို စစ်ဆေးကြည့်တဲ့အခါ တူညီနေတာတွေကို တွေ့ရပါတယ်” ဟု RFA သတင်းဌာနက ဖော်ပြသည်။
ယင်းဓာတ်ပုံများထဲ၌ လူငယ်တစ်ဦးကို နှိပ်စက်ပြီး ရင်ဘက်ကို ဓားဖြင့်စိုက် စစ်ဆေးနေသည့် ပုံမှာ ဧပြီ ၂၈ရက်က ရိုက်ကူးထားခြင်းဖြစ်သည်ဟု ဓါတ်ပုံနှင့်တစ်ကွဖော်ပြထားသည်။

ဓာတ်ပုံများ၌ ပါရှိသည့် အချက်အလက်များအရ ရိုက်ကူးထားသည့် ဓာတ်ပုံများသည် ဘုန်းကြီးကျောင်း တစ်ကျောင်း၌ ဖြစ်သည်မှာ သိသာကြောင်း၊ RFAက ဒေသခံများနှင့် ဆက်သွယ် စုံစမ်းရာ ဖမ်းဆီးထားသူများကို ရိုက်ကူးရာ၌ ပါဝင်သည့် အဆောက်အဦသည် ရေဦးမြို့နယ်မုန်တိုင်ပင်ရွာ ဘုန်းကြီးကျောင်းဖြစ်သည်ဟု ဒေသခံ နှစ်ဦးက အတည်ပြုကြောင်း ဖော်ပြထားသည်။
“စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်းက ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ RFA က တင်ပြခဲ့ရာမှာ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှာ မေလ ၁၀ ရက်ကနေ ၁၃ ရက်အတွင်း စစ်ကောင်စီတပ်က လူ ၃၀ ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အကြောင်း မေလ ၁၃ ရက်နေ့မှာ သတင်းဖော်ပြခဲ့ပါတယ်။ အသတ်ခံထားတဲ့သူ ငါးယောက်ထဲက တစ်ယောက်ဟာ ရေဦးမြို့မှာရှိတဲ့ ကြည်သာလျှပ်စစ်ပစ္စည်း ဆိုင်တံဆိပ်နဲ့ တယ်လီဖုန်းနံပါတ်တွေပါတဲ့အင်္ကျီ ဝတ်ထားတဲ့အတွက် ရေဦးမြို့နယ်မှာရော ဒီလိုဖြစ်ရပ်ရှိခဲ့သလား ဆိုတာကို စုံစမ်းခဲ့ပါတယ်။ RFA က ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ ဓာတ်ပုံပါလူတွေကို ဖမ်းဆီးထားတဲ့ အဆောက်အအုံဟာ မုန်တိုင်ပင်ရွာကဘုန်းကြီးကျောင်း ဖြစ်တယ်လို့ ရေဦးမြို့နယ်ဒေသခံနှစ်ယောက်က အတည်ပြု ပြောပါတယ်” ဟု ဖော်ပြထားသည်။
စစ်ကောင်စီတပ်သားများအနေဖြင့် လူဘယ်နှစ်ယောက်သတ်ခဲ့သည် ဘယ်လိုသတ်ခဲ့သည် တို့ကို အချင်းချင်း ပြောဆိုရာ၌ သက်တောင့်သက်သာ ပေါ့ပေါ့ပါးပါး အနေအထားဖြင့် ပြောဆိုနေကြသည်ကို တွေ့ရသည်။
” အဲ့ဒီကောင်တွေကို မနေ့တုန်းက ငါသတ်တာ။ ငါဖမ်းတဲ့ကောင်ကို ငါသတ်တာ၊ အဲဒါကို… ‘ဆာဂျင်ကြီး သုံးပိုင်းလောက်ပိုင်းပြီး မြှုပ်ခဲ့ပါဦး’…တဲ့””အဲဒါ သတ်တော့ ဘာဖြစ်လဲ၊ အသားတွေ ထွက်လာလား။ ဝက်သားတွေ ဒုတ်ထိုးတွေ ဘာတွေ ရောင်းလို့မရဘူးလား”
“ခေါင်းကိုဖြတ်တာ။ လေးငါးခြောက်ချက်လောက် ခုတ်ရတယ်။ ပြီးတော့ မြေကြီးထဲ မြှုပ်ထားခဲ့တယ်”
“ဒါ(အရက်ကို ရည်ညွှန်းသည့် အမူအယာ) လိုရင် ဒါလိုက်ရှာတယ်၊ အိမ်တွေလိုက်ရှာတယ်၊ ဒါရှိလား”
“ဝက်သားစားချင်ရင် ဝက်သတ်မယ်၊ ကြက်ပေါ်မယ်”
“မယုံဘူးလား၊ မယုံရင်လာကြည့်။ သတ်တဲ့နေရာမှာကျနော်က Expert (ကျွမ်းကျင်သူ) … ကျွန်တော်က ငယ်ငယ်လေးကတည်းက သတ်တာကို ဝါသနာပါတာ သူများအသက်ကို” စသည့် စစ်ကောင်စီ တပ်သားအချင်းချင်း ပြောဆိုနေသည့် စကားများကို RFA သတင်းဌာနက ဖော်ပြခဲ့သည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းတွင်သာမက မကွေး၊ ကရင်နီ၊ ချင်း အပါအဝင် ဒေသအသီးသီး၌ ပြည်သူလူထုများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ လက်နက်ကြီး၊ လေကြောင်းတို့မှ ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်ခြင်းစသော စစ်ရာဇဝတ်မှုများကို ရည်ရွယ်ချက်ရှိရှိ မကြာခဏ ကျူးလွန်နေခြင်းဖြစ်သည်။
