အမတ်နှင့်အတူ ပါသွားသည့် တော်လှန်ရေးရဲဘော် ၂ဦး ရက်စက်စွာနှိပ်ရက်သတ်ဖြတ်ခံခဲ့ရ
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေတွင်စစ်ကောင်စီတပ်၏စစ်ကြောင်းတစ်ခုကဇွန် ၂၂ ရက်၌ဖမ်းဆီးသွားသည့် ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကိုမိသားစုကလက်ရှိအချိန်ထိအဆက်အသွယ်မရသေးကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။
ဦးကျော်မျိုးမင်းအပါအဝင် PDF နှစ်ဦး ၊လမ်းပြဒေသခံတစ်ဦးစုစုပေါင်း ၄ဦး တို့သည် အစည်းအဝေးတစ်ခုတက်ပြီး ပြန်လာချိန်တွင် ဘီးလင်းမြို့နယ် ပေါ်ခီးရွာအနီး၌ စစ်ကောင်စီတပ်၊BGF ပူးပေါင်းအဖွဲ့နှင့်ထိပ်တိုက်တွေ့ပြီး ကဇွန်လ ၂၂ရက်က ပစ်ခတ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ စစ်ကောင်စီ၊BGF ပူးပေါင်းအဖွဲ့က ၎င်းတို့လေးဦးကို တန်ဆာခံအဖြစ် စစ်ကြောင်းသွားရာတစ်လျှောက် ဖမ်းဆီးခေါ်ဆောင်သွားပြီးKNLA၊PDF ပူးပေါင်းတပ်ဖွဲ့က လိုက်လံတိုက်ခိုက်သဖြင့် တိုက်ပွဲများစွာဖြစ်ပွားခဲ့သည်။
ဖမ်းဆီးခံရသူများပြန်လည်ရရှိရန် KNLAနှင့် PDF ပူးပေါင်းအဖွဲ့က လိုက်လံတိုက်ခိုက်သောတိုက်ပွဲများတွင် PDF နှစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီ၊BGF ပူးပေါင်စစ်ကြောင်းမှာလည်းအရေအတွက်မသိရသော်လည်းသေဆုံးထိ့ခိုက်မှုများကြောင်းဒေသတွင်းသတင်းရင်းမြစ်များကပြောသသည်။
ဖမ်းဆီးခံရသူများထဲမှ ဒေသခံရွာသားမှာ ထွက်ပြေး၍ပြန်လည်လွတ်မြောက်ခဲ့သည်။ ၎င်း၏ပြောပြချက်အရ ဦးကျော်မျိုးမင်းနှင့် PDF နှစ်ဦးကို စစ်ကောင်စီတပ်က ရက်ရက်စက်စက်ညှင်းပန်းနှိပ်စက်ထားကြောင်းသိရသည်။
ဦးကျော်မျိုးမင်းနှင့်အတူ ခေါ်ဆောင်ခံရသူ နှစ်ဦးမှာ တော်လှန်ရေးရဲဘော် များဖြစ်သည့် ရဲဘော် ပန်းမြင့်နှင့် ရဲဘော်ကိုကိုမောင်တို့ ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ဇွန် ၃၀ ရက်တွင်ကျဆုံးကြောင်းကို KNU တပ်မဟာ(၁) သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ရေး ကော်မတီက ယနေ့ထုတ်ပြန်ထားသည်။
ကျဆုံးရဲဘော်နှစ်ဦးကိုမူ စစ်ကောင်စီကခြေလက်များကိုရိုက်ချိုးခြင်း၊ခုတ်ထစ်ထားခြင်း၊သွားများကိုလည်းချိုးထားကာ ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့သည်ကို တွေ့ရသည်ဟုသိရသည်။ ဦးကျော်မျိုးမင်း၏သတင်းမှာ ဇူလိုင် ရက်တွင်ကမမောင်း၊ ဘားအံဘက်သို့စစ်ကောင်စီတပ်ကခေါ်သွားသည်ဟုသိရပြီးနောက်ပိုင်းမသိရတော့ကြောင်းမိသားစုနှင့်နီးစပ်သူက ပြောသည်။ သတင်းအစပျောက်နေသည့်အပေါ် မိသားစုက စိုးရိမ်နေကြောင်း ၎င်းကဆက်ပြောသည်။
“စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့တွေ အင်အားတော်တော်များများနဲ့ သူတို့ဝင်ပြီးဖမ်းသွားတာ။ အဲဒီ စစ်ကြောင်းမှာ သူတို့ဗျူဟာမှူးကိုယ်တိုင် ဦးစီးပြီးပါတယ်လို့ သိရတယ်။ကျွန်တော်တို့ PDF/KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တဲ့နေရာမှာကျွန်တော်တို့ဘက်က PDF ရဲဘော် ၂ဦး ကျတယ်။ သူတို့ဘက်ကလည်း ကျဆုံးမှု အရေအတွက် အတိအကျတော့မသိရဘူး ဒါပေမဲ့ တော်တော်များများ ရှိတယ်လို့ သိရတယ်။ နောက်ဆုံးအနေနဲ့ကိုယ့်ဘက်က သူ (ဦးကျော်မျိုးမင်း)က အသက်ရှင်နေသေးတယ်ဆိုတာ သေချာသိရတယ်” ဟု KNU တပ်မဟာ(၁)နယ်မြေရှိ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အသက် ၅၀ ဝန်းကျင်အရွယ်ရှိဦးကျော်မျိုးမင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂) မဲဆန္ဒနယ်မြေ၌ အနိုင်ရထားသည် ကိုယ်စားလှယ်ဖြစ်သည်။