ယင်းဆန္ဒပြပွဲကို တိုကျိုမြို့ အပါအဝင် မြို့ကြီး (၈) မြို့တွင် တပြိုင်နက်ပြုလုပ်
ဂျပန်အစိုးရအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအပေါ် အသိအမှတ်မပြုရန်နှင့် ပြတ်သားစွာ အရေးယူဆောင်ရွက်ရန် ဂျပန်နိုင်ငံရှိ မြန်မာ့နွေဦးတော်လှန်ရေး အင်အားစုများက ဦးဆောင်၍ ပြည်ပရောက် မြန်မာနိုင်ငံသားများက ယနေ့ (ဇူလိုင် ၂၄) ဆန္ဒပြတောင်းဆိုခဲ့သည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဂျပန်နိုင်ငံတိုကျိုမြို့ အပါအဝင် မြို့ကြီး (၈)မြို့တွင် တပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြပြည်သူများက ဂျပန်အစိုးရအနေဖြင့် စစ်ကောင်စီနှင့် ဆက်စပ်လုပ်ကိုင် နေသည်များနှင့် အကြမ်းဖက်စစ်တပ်၏ စစ်သားများကို ခေါ်ယူပညာသင်ပေး နေခြင်းများကို ရပ်တန့်ရန်၊ လူ့အခွင့်အရေးကိုစဉ်ဆက်မပြတ် ချိုးဖောက်နေသည့် စစ်တပ်ကို အရေးယူပိတ်ဆို့ရန်နှင့် ODA လုပ်ငန်းများမှ စစ်တပ်ထံငွေများစီးဆင်းနေမှုကို ချက်ချင်းဆိုင်းငံ့ပေးရန် ဆန္ဒပြတောင်းဆို ခဲ့ကြသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အသိအမှတ်ပြုပြီး ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်နှင့် ချိတ်ဆက်လုပ်ကိုင်ရန်၊ လူသားချင်းစာနာမှုအကူအညီများကို NUG နှင့် မိတ်ဖက်အဖွဲ့အစည်း များမှသာတဆင့် ပေးအပ်ရန်လည်း ထည့်သွင်းတောင်းဆိုခဲ့သည်။

Public Service Announcement
ဂျပန်အစိုးရနှင့် အာဏာသိမ်းစစ်ကောင်စီအကြား ဆက်ဆံမှုသည် ဂျပန် – မြန်မာ ချစ်ကြည်ရေးကို ထိခိုက်စေ၍ ရှုံ့ချကြောင်း ဂျပန်ရောက် မြန်မာနိုင်ငံသားအဖွဲ့အစည်းများကလည်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
