အကြမ်းဖက်စစ်ကောင်စီသည် စစ်မြေပြင်တွင်သာမက အချိန်အခါနေရာမရွေး မတရား သတ်ဖြတ်နေခြင်းအပေါ် ကန့်ကွက်ရှုတ်ချပြီး ထို့အတွက်လည်း ပြင်းထန်စွာတုန့်ပြန်သွားမည်ဟု ကရင်နီ(ကယား)တော်လှန်ရေးတပ်ပေါင်းစု (KRF)က ယနေ့ (ဇူလိုင် ၂၇) သတိပေး ထုတ်ပြန်လိုက် သည်။
စစ်ကောင်စီ၏ ဇူလိုင် ၂၄ရက်တွင်ထုတ်ပြန်သော ‘သေဒဏ်ကျခံရမည့် အကျဥ်းသား (၄)ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း’ဟူသည့် ခေါင်းစဥ်ဖြင့် ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်စသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူလေးဦးကို မတရားသေဒဏ်စီရင်ပြီးစီးကြောင်း ကြားသိရသဖြင့် များစွာစိတ်မကောင်း ဖြစ်ရကြောင်း ဖော်ပြသည်။
အကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်သည် စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုများကို ကျူးလွန်ခြင်း၊ လူ့အခွင့်အရေးနှင့် လူသားမျိုးနွယ်အားလုံးအပေါ်ဆန့်ကျင်သည့် ရာဇဝတ်မှုဖြစ်၍ KRF မှ ပြင်းထန်စွာကန့်ကွက်ရှို့ချသည်ဟု ထုတ်ပြန်သည်။
“စစ်ကောင်စီ၏လုပ်ရပ်သည် တရားမျှတမှုမရှိသော တရားစီရင်မှုဖြစ်သဖြင့် လူသတ်မှုအဖြစ်သာ မှတ်ယူမည်ဖြစ်ပါသည်”ဟု KRFက ဆိုသည်။
ထို့ကြောင့် KRF အနေဖြင့် စစ်ကောင်စီ၏ထိုလုပ်ရပ်အပေါ် ပြင်းထန်စွာ တုန့်ပြန်သွားမည်ဖြစ်ပြီး အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ တော်လှန်သွား မည်ဟု ကတိပြုထားသည်။