စစ်ရေးအစီအစဥ်ဖျက်သိမ်းရမှု လေးကြိမ်ရှိပြီဟုဆို
အကြမ်းဖက်စစ်ကောင်စီနှင့် ထောက်တိုင်များအားတိုက်ခိုက်မည့် စစ်ရေးတိုက်ခိုက်မည့်အစီအစဥ်အား ပြည်သူကိုငဲ့ပြီး ဖျက်သိမ်းလိုက်ရကြောင်း မန္တလေးမြို့အခြေစိုက် UG မဟာမိတ်တပ်ပေါင်းစု FEA က ယနေ့(ဇူလိုင် ၂၇)တွင် အသိပေးထုတ်ပြန်သည်။
ယနေ့တွင် မန္တလေးမြို့တစ်နေရာ၌ စစ်ရေး Mission စီစဥ်ခဲ့ရာ သတိမမူသော ပြည်သူအချို့ကြောင့် အစီအစဥ်ဖျက်ခဲ့ရပြီး စစ်ရေးအသုံးစရိတ်များ ဆုံးရှုံးမှုရှိခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါ Mission အပါအဝင် ဖျက်သိမ်းခဲ့ရသော တိုက်ခိုက်ရေးအစီအစဥ် လေးကြိမ်ရှိလာပြီဖြစ်ပြီး နောက်နောင်တွင် အတတ်နိုင်ဆုံး ပြည်သူကိုရှောင်ရှားပြီးပြုလုပ်မည်ဖြစ်သော်လည်း အစီအစဥ်ဖျက်သိမ်းတော့မည်မဟုတ်ကြောင်း အသိပေးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီအပါအဝင် ၎င်း၏လက်အောက်ခံ လူဝါးဝနေသူများ၊ ၎င်းတို့လုပ်ငန်းများ၊ နေအိမ်များအပါအဝင် စစ်ကောင်စီလက်ပါးစေများနှင့် ဝေးဝေးနေကြရန် သတိပေးထားသည်။

Public Service Announcement
“ပြည်သူတွေအနေနဲ့ ပျောက်ကျားအဖွဲ့တွေက အရှိန်မြင့်လာကြပြီလေ အဖွဲ့တိုင်းလိုလို။ ရှောင်တခင်ထုတ်ပြန်တာလေးတွေကို လိုက်နာပေးကြပါလို့။ မစ်ရှင်တစ်ခု ဖျတ်သိမ်းရရင် ဆုံးရှုံးမှုက အစားပြန်မရနိင်ဘူးလေ။ အဓိက က အချိန်ပေါ့”ဟု FEA တပ်ပေါင်းစုမှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။
မန္တလေးမြို့အခြေစိုက် FEA တပ်ပေါင်းစုတွင် နိုင်ငံ ရေးအကျဉ်းသားများကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force(FLA)၊ Emerald Grils Army(EGA) နှင့် Anonymous Force Mandalay (AFM)တို့ပါ၀င်ဖွဲ့စည်းထားသည်။
၎င်း FEA တပ်ပေါင်းစုသည် ဇူလိုင် ၂၅ ရက်ညပိုင်းက တောင်သမန်အင်းဘေးရှိ အကြမ်းဖက်စစ်ကောင်စီတပ်အား ဗုံးပစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်မှုရှိခဲ့သည်။


















































