ယနေ့နံနက် စစ်ကိုင်းတံတားထိပ် ပစ်ခတ်မှုမှာ ၎င်းတို့ရဲဘော်များဖြစ်နိုင်ဟု တာဝန်ရှိသူပြော
မန္တလေးမြို့အခြေစိုက်နိုင်ငံရေးအကျဉ်းသားများကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ မှ လက်နက်ဝယ်ယူရန်သွားသည့် ရဲဘော်လေးဦး အဆက်အသွယ်ပြတ်တောက်နေသောကြောင့် ၎င်းတို့နှင့်ပတ် သက်သူများ သတိထားရှောင်ရှားကြရန် FEA မဟာမိတ်အဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။
FEA မဟာမိတ်အဖွဲ့မှ ရဲဘော်မန်းမိုးကြိး (ခ) ကျော်လင်း အပါအဝင်လေးဦးသည် ဩဂုတ် ၄ ရက်မှစတင်၍ ၎င်းတို့အဖွဲ့နှင့် ဒို့ညီနောင် Local PDF ဝက်လက်အဖွဲ့အတွက် လက်နက်ဝယ်ယူရန် ခရီးထွက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ (ဩဂုတ် ၁၆) ညနေပိုင်းအထိ အဆက်အသွယ်ရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ညနေလောက်အထိတော့ အဆက်အသွယ်ရ သေးတယ်။ ညနေပိုင်းမှာလည်း တည်းခိုခန်းတစ်ခုမှာ လေးဦးမိတယ်ကြားသေးတယ်။ အခုလည်း အပစ်အခတ်လည်းကြားနေရတော့ သေချာမသိနိုင်သေးဘူး။ အဖွဲ့ဝင်အကုန်ပျောက်နေတော့ အခြေအနေ အတိအကျမသိနိုင်သေးဘူး”ဟု Anonymous Force Mandalay (AFM) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆက်အသွယ်ပြတ်တောက်နေသည့် ရဲဘော် များသည် ဖမ်းဆီးခံရခြင်းဖြစ်နိုင်သလို ယနေ့နံနက် စစ်ကိုင်းတံတား၌ ဖြစ်သည့် ပစ်ခတ်မှုမှာလည်း ၎င်းတို့၏ အဖွဲ့ဝင်များဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

Public Service Announcement
“စစ်ကိုင်းတံတားပေါ် က ပစ်ခတ်မှုကလည်း ကျွန်တော်တို့လူတွေဖြစ်နိုင်တယ် ။ သူတို့မြို့ထဲဝင်ရင်းစစ်လို့ ပါတဲ့ လက်နက်တွေ ထုတ်ပစ်တာလည်း ဖြစ်နိုင်တယ်။ “ဟု AFM မှ တာဝန်ရှိသူက ဆိုသည်။
FEA မဟာမိတ်အဖွဲ့တွင် Freeland Attack Force (FLA) ၊ Anonymous Force Mandalay (AFM) နှင့် Emerald Girls Army (EGA) တို့ပါဝင်ပြီး စစ်ကောင်စီအား တိုက်ခိုက်မှုများပြုလုပ်နေ သည်။


















































