စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ နှစ်ကြိမ်တိုင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးသူများပြားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (သြဂုတ်၃၁ရက်) နံနက် ၁၀နာရီခန့်က ပျူစောထီး ပျဥ်ထောင်ကျေးရွာမှ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများသည် (၆၀)မမဖြင့် အရှေ့ဘက် ရွှေကူတဲစုကျေးရွာသို့ ၁၀ချက်ထက်မနည်း ပစ်ခတ်ခဲ့သည်။
မွန်းတည့် ၁၂နာရီခန့်တွင် စစ်ကောင်စီတပ်သည် ရွှေကူတဲစုကျေးရွာအနီးထိ အင်အား ၅၀ခန့်ဖြင့် ခြေလျင်တိုးလာရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားခဲ့သည်ဟု ဆိုသည်။
ယင်းတိုက်ပွဲကို မြို့နယ်တပ်ရင်းနှင့် မြို့နယ် (ပကဖ)တို့မှဦးဆောင်၍ N.L.G.R.F အဖွဲ့၊ရောင်နီပြောက်ကျားအဖွဲ့၊Dynamite Squadအဖွဲ့၊ နယ်မြေခံ အဖွဲ့စည်းများနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

အဆိုပါ ထိတွေ့တိုက်ပွဲတွင် သေဆုံးဒဏ်ရာရရှိသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများအား ပျဥ်ထောင်ကျေးရွာသို့ သယ်ဆောင်သွားခဲ့သည်ဟု ဖော်ပြထားသည်။
ထို့နောက် ညနေ ၅နာရီခန့်တွင် ပျဥ်ထောင်ကျေးရွာမှ သေဆုံး စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများအား ရေဦးမြို့သို့သယ်ဆောင်ရန် ရေဦးမြို့မှ သံချပ်ကာ တစ်စီး အင်အားအပြည့်ဖြင့် ထွက်လာခဲ့သည်။
အဆိုပါ အဖွဲ့သည် မူးမြစ်ကူးတံတားပေါ် ခြေလျင်ဖြတ်သန်းလာရာ တံတားအရှေ့ထိပ်တွင် မိုင်း ၁၂လုံးတိတိ ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ဦးနေရာတွင် ပွဲချင်းပြီး၍ သုံးဦး အမောဖောက်ခဲ့ကြောင်း Khin U Support Organization-KSO အဖွဲ့က ပြောသည်။
မိုင်းခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ Khin U Support Organization-KSO အဖွဲ့ တာဝန်ရှိသူက “မနက်ကဖြစ်စဥ်မှာ သေထားတဲ့သူတွေကို ပျဥ်ထောင်ခြံထဲမှာထားထားတာ။ ညနေပိုင်းမှလာသယ်တာ။ လာသယ်တဲ့အချိန် ရေဦး မူးမြစ်ကူးတံတားထိပ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။”ဟု ပြောသည်။
ယင်းဖောက်ခွဲတိုက်ခိုက်မှုကို Khin U Support Organization-KSO၊KhinU Dog Killers-KDK၊ Wolf Guerrilla (Ye U)နှင့် မဟာမိတ်အဖွဲ့များမှ ပြုလုပ်ခဲ့ကြောင်းသိရသည်။
တံတားအရှေ့ထိပ် မိုင်းဆွဲခံရ၍ သေဆုံးဒဏ်ရာရသူများအား ဆိုင်ကယ်များဖြင့် သယ်ဆောင်သွားခဲ့ပြီး ပျဥ်ထောင်ကျေးရွာမှ သေဆုံးဒဏ်ရာရသူများကို ကား၁စီးဖြင့် လမ်းတစ်လျှောက် လက်နက်ကြီးငယ် တရစပ်ပစ်ခတ်ကာ ရေဦးမြို့သို့သယ်ဆောင်သွားခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။


















































