ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့မှာ ထောင်ထပ်ချဖို့ရှိနေပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်အပေါ် မလျော်သြဇာ သုံးတယ်ဆိုပြီး သမ္မတ ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံး ဝန်ကြီး ဦးမင်းသူတို့ကို ရွေးကောက်ပွဲမသမာမှု ရာဇသတ်ကြီးပုဒ်မ ၁၃၀(က) နဲ့ စစ်ကောင်စီက စွပ်စွဲ တရားစွဲဆိုထားတာပါ။
ဒီပုဒ်မဟာ ထောင်ဒဏ် ၃ နှစ်အထိချလို့ရတဲ့ပုဒ်မလည်းဖြစ်ပါတယ်။
အဲဒီအမှုအတွက် ဒီနေ့ စက်တင်ဘာလ ၂ ရက်မှာ အမိန့်ချဖို့ တရားရုံးက ပြီးခဲ့တဲ့ရုံးချိန်းမှာ ချိန်းဆိုထားတာရှိနေတာပါ။
သြဂုတ်လ ၁၅ ရက်ကလည်း စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှု ၄ မှုအတွက် ထောင်ဒဏ် ၆ နှစ်ချထားပါသေးတယ်။
လက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဟာ ထောင်ဒဏ် စုစုပေါင်း ၁၇ နှစ်ထိချထားပြီး နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းချထားပါတယ်။