စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (စက်တင်ဘာ ၂ ရက်) ညနေ ၆နာရီခွဲခန့်က မုံရွာ-မန္တလေးလမ်းမကြီးပေါ် ဖြတ်သန်းလာသော စစ်ကောင်စီယာဉ်သုံးစီးအား မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ ပဒေသာမိုင်း ငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF South Monywa က အသိပေးသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် ဒုတိယမြောက်ယာဉ်မှာ နောက်ပိုင်းထိမှန်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး လွင့်စင်ပြုတ်ကျကာ မီးခွက်များပါ အပြင်သို့ထွက်ကျလာခဲ့ကြောင်း၊ တတိယမြောက် ယာဉ်မှာမူ ရှေ့မှန်များ ကွဲကြေ၍ ခေါင်းပိုင်းထိသွားကြောင်း
ဒုတိယမြောက်ယာဉ်ပေါ်မှ လေးဦး၊ နောက်ဆုံးယာဉ် မောင်းနှင်လာသော စစ်သားနှင့် ဘေးမှလိုက်ပါလာသော စစ်ကောင်စီတပ်သားအပါအဝင်စုစုပေါင်း(၆)ဦး နေရာတွင်ပင် သေဆုံးနိုင်ပြီး

Public Service Announcement
၎င်းတို့အား ကားပေါ်သို့ ဆွဲတင်မောင်းနှင်သွားကြောင်း၊ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း PDF South Monywa၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့အပြင် စစ်ကောင်စီတပ်များက ဘေးဘီဝဲယာရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဟု ဆိုသည်။
ဖြစ်စဥ်နှင့်ပတ်သက်ပြီး PDF South Monywa အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။
People’s Defence Force – South Monywa အဖွဲ့သည် မုံရွာခရိုင်အခြေစိုက်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အခြားဒေသတွင်းအဖွဲ့များနည်းတူ မုံရွာ-မန္တလေးလမ်းတွင် စစ်ကောင်စီတပ်အား မကြာခဏ ခုခံတိုက်ခိုက်နေသည်။


















































