Connect with us

Hi, what are you looking for?

သတင်း

အမေရိကန် ထိန်းချုပ်ထားတဲ့ ဒေါ်လာ ၁ ဘီလီယံကို ဒစ်ဂျစ်တယ် ငွေကြေးပုံစံ အသုံးပြုခွင့်ရဖို့ NUG တောင်းဆိုထား

အမေရိကန်ဟာ ဗင်နီဇွဲလား နိုင်ငံရေး အားပြိုင်မှုတွေတုန်းကတော့ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒို ဦးဆောင်တဲ့ စင်ပြိုင် အစိုးရကို တရားဝင် အသိအမှတ်ပြုပြီး အမေရိကန်မှာ အပ်နှံထားတဲ့ ဗင်နီဇွဲလားပိုင် ဘဏ်စာရင်းတွေကို ထုတ်နုတ် သုံးစွဲခွင့် ပြုခဲ့ဖူးပါတယ်။

အမေရိကန် ထိန်းချုပ်ထားတဲ့ ဒေါ်လာ ၁ ဘီလီယံကို ဒစ်ဂျစ်တယ် ငွေကြေးပုံစံ အသုံးပြုခွင့်ရဖို့ NUG တောင်းဆိုထား
အမေရိကန် ထိန်းချုပ်ထားတဲ့ ဒေါ်လာ ၁ ဘီလီယံကို ဒစ်ဂျစ်တယ် ငွေကြေးပုံစံ အသုံးပြုခွင့်ရဖို့ NUG တောင်းဆိုထား

စစ်တပ် အာဏာသိမ်းချိန်မှာ အမေရိကန် အစိုးရက ထိန်းချုပ်ထားခဲ့တဲ့ ငွေသား ဒေါ်လာ ၁ ဘီလီယံကို ဒစ်ဂျစ်တယ် ငွေကြေး စနစ် အနေနဲ့ အသုံးပြုနိုင်အောင် လိုက်လျော လက်ခံပေးဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကညှိနှိုင်းတောင်းဆိုထားကြောင်း Bloomberg သတင်းဌာနက​ဖော်ပြပါတယ်။

အမေရိကန် အနေနဲ့ NUGအပေါ် လိုလားထောက်ခံတဲ့ သဘောထားမျိုး ပြသနေပေမယ့် မြန်မာနိုင်ငံပိုင် အရန်ငွေကြေး ဒေါ်လာ ၁ ဘီလီယံကိုတော့ လွှဲအပ်ပေးဖို့ သဘောမတူသေးပါဘူး။ ဒါပေမဲ့ NUGကတော့ ကိုယ်ပိုင် ဗဟိုဘဏ် အသစ်တစ်ခု ထူထောင်ဖို့နဲ့ ဒီငွေကြေးတွေကို ဒစ်ဂျစ်တယ် စနစ်နဲ့ ပြောင်းလဲပြီး လက်လွှဲယူနိုင်မယ့် နည်းလမ်းတွေကို ကြိုးစား အကောင်အထည် ဖော်နေတယ်လို့ ဆိုပါတယ်။

အမေရိကန်က အဲဒီ ဒေါ်လာ ၁ ဘီလီယံ ငွေသားတွေကို ဒစ်ဂျစ်တယ် ငွေကြေး အနေနဲ့ ပြောင်းလဲ အသုံးချခွင့်ပေးဖို့ လိုအပ်နေကြောင်း NUGရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က Bloomberg သတင်းဌာနနဲ့ ဗီဒီယို အင်တာဗျူး တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလကစလို့ အမေရိကန် အစိုးရဟာ နယူးယောက်မြို့၊ ဖက်ဒရယ် အရန်ငွေကြေးဘဏ်မှာ အပ်နှံထားတဲ့ငွေသားဒေါ်လာ ၁ ဘီလီယံကို ထိန်းချုပ်ထားစေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီငွေကြေးတွေကို အသုံးပြုခွင့် ရခဲ့မယ်ဆိုရင် NUG အနေနဲ့ ဒစ်ဂျစ်တယ် ငွေကြေးစနစ်နဲ့ပါ လည်ပတ်မယ့် ဗဟိုဘဏ် အသစ်တစ်ခုကို ထူထောင်ပြီး ဒီမိုကရေစီ တော်လှန်ရေး လှုပ်ရှားမှုတွေကို ထဲထဲဝင်ဝင် ကူညီပေးနိုင်လိမ့်မယ်လို့ ဦးတင်ထွန်းနိုင်က မှတ်ချက် ပေးခဲ့ပါတယ်။

အမေရိကန် အစိုးရဟာ ထိန်းချုပ်ငွေသားတွေကို လောလောလတ်လတ် လွှဲပြောင်းပေးမယ့် အလားအလာ မရှိသေးတာကို နားလည် လက်ခံနိုင်ကြောင်း၊ ဒါကြောင့်လည်း အဲဒီ ထိန်းချုပ် ငွေကြေးကို ဒစ်ဂျစ်တယ် ငွေသား သဘောမျိုး ဖလှယ် အသုံးချခွင့်ရရေး ညှိနှိုင်းတောင်းဆိုဖို့ အဓိက ရည်ရွယ်ထားတာဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က ရှင်းပြပါတယ်။

နယူးယောက်က ဖက်ဒရယ် အရန်ငွေကြေးဘဏ်ဟာ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ စီမံ ညွှန်ကြားမှုတွေကိုလည်း လက်ခံ ဆောင်ရွက်ပေးနေပါတယ်။ အဲဒီ ဝန်ကြီးဌာနဟာ အမေရိကန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့ရေး မူဝါဒတွေကို အကောင်အထည် ဖော်ရာမှာ အဓိက တာဝန်ယူလေ့ ရှိပါတယ်။ Bloombergက အခုကိစ္စကို ဘဏ်တာဝန်ရှိသူတွေဆီ ဆက်သွယ် မေးမြန်းပေမယ့် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဇော်မင်းထွန်းကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ Bloombergရဲ့ စုံစမ်း ဆက်သွယ်မှုကို မတုံ့ပြန်ခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့ အရန်နိုင်ငံခြားငွေ သိုလှောင်မှုတွေဟာ စင်ကာပူ၊ ထိုင်းနဲ့ ဂျပန်မှာ ဖြန့်ဝေ ရောက်ရှိနေတယ်လို့ ယုံကြည်ရကြောင်း ဦးတင်ထွန်းနိုင်က ပြောပါတယ်။ အဲဒီ ၃ နိုင်ငံရဲ့ ဗဟိုဘဏ်တွေကလည်း မြန်မာအစိုးရပိုင် ငွေကြေးတွေကို ထိန်းချုပ်ထားခြင်း ရှိမရှိ မှတ်ချက်မပေးလိုကြောင်း ပြောပါတယ်။

အမေရိကန်ဟာ ဗင်နီဇွဲလား နိုင်ငံရေး အားပြိုင်မှုတွေတုန်းကတော့ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒို ဦးဆောင်တဲ့ စင်ပြိုင် အစိုးရကို တရားဝင် အသိအမှတ်ပြုပြီး အမေရိကန်မှာ အပ်နှံထားတဲ့ ဗင်နီဇွဲလားပိုင် ဘဏ်စာရင်းတွေကို ထုတ်နုတ် သုံးစွဲခွင့် ပြုခဲ့ဖူးပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံတကာ အသိအမှတ်ပြုမှု မရသလို တော်လှန်ရေး အင်အားစုတွေနဲ့ ဆင်နွှဲနေတဲ့ စစ်ပွဲကြောင့် အင်အား ဆုတ်ယုတ် ကျဆင်းလာပေမယ့် လက်ရှိ ကျူးလွန်နေတဲ့ မိုက်လုံးကြီးမှုတွေကနေ အမြင်မှန်ရမယ့် အရိပ်အယောင် မရှိသေးပါဘူး။ စစ်ကောင်စီ အတွက်ရော၊ NUG အတွက်ပါ ဘဏ္ဍာရေး လိုအပ်ချက်က ပိုမိုကြီးထွားလာတဲ့ အချိန်မှာ အမေရိကန် ထိန်းချုပ်ထားတဲ့ အရန်ငွေကြေးကို ဒစ်ဂျစ်တယ် ငွေကြေးအဖြစ် ဖလှယ် သုံးစွဲခွင့် ရခဲ့မယ် ဆိုရင်တော့ NUGအတွက် ကြီးမားတဲ့ အထောက်အပံ့မျိုး ဖြစ်လာစေဖွယ် ရှိနေပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက စစ်ကောင်စီရဲ့ ခေါင်းမာမှုတွေကြောင့် မြန်မာ့အရေးကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မယ့် နည်းလမ်း မရှိသလို ရှေ့ဆက် ကြုံလာမယ့် အလားအလာတွေကလည်း ခန့်မှန်းလို့ မရနိုင်ကြောင်း ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။