စစ်ကိုင်းတိုင်း၊ ကသာခရိုင် ချောင်းဝနှင့် မင်းကျောင်းကုန်းကျေးရွာကြားတိုက်ပွဲ၌ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိကြောင်း မြို့လှ K-PDFက ယနေ့ (စက်တင်ဘာ ၉ ရက်) ထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ ကစင့်ကလျားဖြစ်သွားခဲ့ရပြီး နှစ်ဖွဲ့ကွဲကာ ချောင်းဝကျေးရွာအတွင်းသို့ တပ်ဆုပ်ခဲ့ရသည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်စဥ်အရ စက်တင်ဘာ ၈ ရက် နံနက် ၁၁ နာရီခန့်တွင် မြေနူ့ကျေးရွာတွင် ယာယီတပ်စွဲနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှာ ကချင်ပြည်နယ်အစပ် ချောင်းဝကျေးရွာ နှင့်မင်းကျောင်းကုန်းရွာဘက်သို့အင်အား ၈၃ဦးဖြင့် ထိုးစစ်ဆင်လာစဥ် မြို့လှ K- PDF တပ်ရင်း တပ်ခွဲ (၁)မှ ဗိုလ်မိုးကြိုးဦးစီးသော တပ်စိတ်မှူးဒေါင်းညိုအဖွဲ့က ကြိုတင်စောင့်ဆိုင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။
မိုင်းအကြီး (၆)လုံး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ရဟတ်ယာဥ်ဖြင့် ဗုံးကျဲ၍ မပေါက်ကွဲသေးသော လေယာဉ်မိုင်းတစ်လုံးကို ဆွဲမိုင်းအသွင်ပြောင်း၍ တိုက်ခိုက်ခဲ့ကြောင်း မြို့လှ K-PDF က ပြောသည်။

Public Service Announcement
တိုက်ပွဲတွင် ရဲဘော်များအထိအခိုက်မရှိ စွမ်းဆောင်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့အပြင် စက်တင်ဘာ ၆ ရက်က စစ်ကောင်စီ၏ ခလရ(၇၇)တပ်ကို စစ်ကိုင်း နှင့် ကချင် ပြည်နယ်အစပ် သာယာကုန်းရွာ၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း မြို့လှKPDFက ထုတ်ပြန်ထားသည်။
