ကမ္ဘာကျော် တိုယိုတာ ကားကုမ္ပဏီဟာ Hilux ကားတွေကို သီလဝါ စက်မှုဇုန်မှာစတင်တပ်ဆင်ထုတ်လုပ်နေပြီလို့ ဂျပန်အခြေစိုက် နစ်ကေးသတင်းဌာနက ဖော်ပြပါတယ်။
တိုယိုတာ ဟာ ပြည်တွင်းမှာ Hilux ကားတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ တပ်ဆင်ထုတ်လုပ်ဖို့ စီစဉ်ထားပေမယ့် စစ်အာဏာသိမ်းမှုကြောင့် ၁၉ လကြာနှောင့်နှေးခဲ့ရတာလို့ နစ်ကေးရဲ့သတင်းမှာဖော်ပြထားတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာတော့ Hilux အမျိုးအစား ပစ်ကပ်ထရပ်ကားတွေကို သီလဝါစက်မှုဇုန်မှာ အရေအတွက် အနည်းငယ် စတင်ထုတ်နေပြီလို့ နစ်ကေးသတင်းဌာနက ရေးသားထားပါတယ်။
လစဉ်တပ်ဆင်ထုတ်လုပ်မှုအနေနဲ့ ကားအရေအတွက် ဒါဇင်ခန့်သာ ထုတ်လုပ်ဖို့ တိုယိုတာက မျှော်လင့်ထားတာပါ။

Public Service Announcement
မြန်မာပြည်တွင်းက တိုယိုတာအရောင်းကိုယ်စားလှယ်တွေကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကစတင်ပြီး အမှာစာတွေ စတင်လက်ခံနေပြီလို့သိရပါတယ်။
သို့သော် ထုတ်လုပ်မှုပမာဏကန့်သတ်ချက်အရ ကားကို လက်ဝယ်ပေးပို့မယ့် အချိန်ကာလအတိအကျ အာမခံလို့မရသေးကြောင်း အရောင်းကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း ကြေညာခဲ့တဲ့ တိုယိုတာရဲ့ မူလအစီအစဉ်အရ မြန်မာနိုင်ငံမှာအမေရိကန်ဒေါ်လာ ၅၂ ဒဿမ ၆ သန်း ရင်းနှီးမြှုပ်နှံကာ တစ်နှစ်ကို Hilux ပစ်ကပ် ကားအစီးရေ ၂,၅၀၀ ထုတ်လုပ်ဖို့ ရည်ရွယ်ထားတာပါ။
စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ပြည်တွင်းကနေ ထွက်ခွာချိန်မှာ တိုယိုတာဟာ လုပ်ငန်းတွေ ပြန်လည်စတင်နေတာလည်းဖြစ်ပါတယ်။


















































