ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ သထုံခရိုင် သထုံမြို့နယ်ရှိ စစ်ကောင်စီ၏ ဝီယော်တပ်စခန်းကို ယမန်နေ့က တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဝီယော်တပ်စခန်းကို နိုဝင်ဘာ ၄ရက်က ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“KNLAနဲ့ အဲဒီဘက်က ကျနော်တို့မိတ်ဖက်တပ် ပေါင်းစုပေါ့။ အဲဒီလိုမျိုးတိုက်တာ။ ဒါပေမဲ့ အထိအခိုက်စာရင်းက အခုအချိန်ထိ မရသေးဘူး”ဟု မိတ်ဖက်ကော်မတီ တာဝန်ရှိသူက ပြောသည်။

ယခုတိုက်ခိုက်မှုသည် စခန်းသိမ်းတိုက်ခိုက်သည့် အနေအထားမျိုးမဟုတ်ဘဲ ပြောက်ကျားနည်းဖြင့် အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
အဆိုပါ ဝီယော်တပ်စခန်းကို KNLA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ယခင်ကလည်း အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည်။

အဆိုပါ ဝီယော်တပ်စခန်းသည် ပြည်သူလူထု များကို လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ ခမရ(၉) လက်အောက်ခံတပ်စခန်း ဖြစ်သည်။ ယခုနှစ် မတ်လက ဝီယော်တပ်စခန်းမှ စစ်ကောင်စီတပ်များက သထုံမြို့နယ် ကျောက်တောင်ရွာဘုရားပွဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သား ပြည်သူ ၃ဦး သေဆုံးပြီး ၈ဦးဒဏ်ရာရခဲ့သည်။


















































