Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့အရေးကိုယ်စားလှယ်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်စွာတွေ့ဆုံဆွေးနွေးနိုင်မှ ပြဿနာပြေလည်ရေးလမ်းစရနိုင်မည်ဟု NLDအသိပေး

NLD အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ (၂)နှစ်ပြည့်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

(စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်သည့်အနေဖြင့် ရန်ကုန်မြို့ရှိ UN ရုံးရှေ့တွင် ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံကိုင်ဆောင်၍ ဆန္ဒပြနေသည်ကို ၂၀၂၁ဖေဖော်ဝါရီ ၁၇ရက်က တွေ့ရစဥ်)
(စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်သည့်အနေဖြင့် ရန်ကုန်မြို့ရှိ UN ရုံးရှေ့တွင် ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံကိုင်ဆောင်၍ ဆန္ဒပြနေသည်ကို ၂၀၂၁ဖေဖော်ဝါရီ ၁၇ရက်က တွေ့ရစဥ်)

စစ်မှန်သောကိုယ်စားပြုမှုရှိသည့် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း ဖော်ပြ

အာဆီယံ အထူးကိုယ်စားလှယ်အပါအဝင် မြန်မာ့အရေးဆိုင်ရာကိုယ်စားလှယ်များအားလုံးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် လွတ်လပ်စွာတွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ လက်တွေ့ကျသော ပြဿနာပြေလည်ရေးလမ်းစရရှိနိုင်မည်ဖြစ်ကြောင်း ယုံကြည်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဗဟိုအလုပ်ကော်မတီက ယနေ့(နိုဝင်ဘာ ၈ရက်)တွင် သတင်းထုတ်ပြန်သည်။

NLD အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ (၂)နှစ်ပြည့်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်မှန်သောကိုယ်စားပြုမှုရှိသည့်ခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း NLDက ထုတ်ပြန်သည်။

(ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲတွင် မဲပေးရန် တန်းစီစောင့်ဆိုင်းနေကြသော ပြည်သူများ)
(ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲတွင် မဲပေးရန် တန်းစီစောင့်ဆိုင်းနေကြသော ပြည်သူများ)

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် ဦးစားပေးဆောင်ရွက်သင့်သော လုပ်ငန်းစဉ်အဖြစ်သတ်မှတ်အကောင်အထည်ဖေါ်သင့်ကြောင်း အလေးအနက်တောင်းဆိုသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသား ပြည်သူလူထုကအပ်နှင်းလိုက်သောဆင့်လွှဲ တာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဖြစ်ကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက် ပြည်သူလူထုနှင့်အတူ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော တိုင်းရင်းသားအင်အားစုများ ၊မိတ်ဖက်အဖွဲ့အစည်းများ နှင့် တစိုက်မတ်မတ်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီကကျူးလွန်သော ရာဇဝတ်မှုများကို နိုင်ငံတကာဥပဒေများနှင့်အညီ ဖော်ထုတ်အရေးယူ နိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂအပါအဝင် အဖွဲ့အစည်းအသီးသီးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကပါ ယခုထက်ပိုမိုထိရောက်စွာ ကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းကြောင်း ကြေညာချက်၌ ဖော်ပြသည်။

၂၀၂၀ ရွေးကောက်ပွဲ၌ နိုင်ငံတဝှမ်း မဲဆန္ဒနယ်စုစုပေါင်း ၁,၁၇၁နယ် ရှိသည့်အနက် ၁,၁၁၇ နယ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ရာ NLDသည် မဲဆန္ဒနယ် ၉၂၀တွင်အနိုင်ရရှိခဲ့ပြီး ထောက်ခံမှု ၈၂.၄ ရာခိုင်နှုန်း ရရှိခဲ့သည်။ သို့ရာတွင် မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စုသည် ယင်းတို့ လိုချင်သည့်ရလဒ် ဖြစ်ပေါ်မလာသည့်အတွက် မဲစာရင်း မှားယွင်းသည်ဟု လိမ်လည် အကြောင်းပြချက်ဖြင့် ထိုစဥ်က တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖေါက်ပြီး နိုင်ငံတော်၏အာဏာကို အဓမ္မလုယူခဲ့သည်။

ထို့အပြင် NLD ပါတီခေါင်းဆောင်များ ကို မတရားဖမ်းဆီးထိမ်းသိမ်းခဲ့သည်။

ထိုသို့ အာဏာသိမ်းမှုအပေါ် ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ခဲ့ကြသကဲ့သို့ နိုင်ငံ့ဝန်ထမ်းများကလည်း အာဏာလုစစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်ရမည် ကို ငြင်းပယ်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM ) ပြုလုပ်ခဲ့ကြရာ စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်မှုများအား အကြမ်းဖက်ပစ်ခတ် ဖြိုခွဲခြင်း၊ ပါဝင်သူများကို ဖမ်းဆီးခြင်း၊ စစ်ကြောရေးစခန်းများတွင် နှိပ်စက်သတ်ဖြတ်ခြင်း၊ ကျေးရွာများ၊ လူနေအိမ်များ နှင့်လူသားများကိုပါ မီးရှို့ဖျက်ဆီးသတ်ဖြတ်ခြင်း၊ ပြည်သူတို့၏ပိုင်ဆိုင်မှုများကို လုယက်ယူဆောင်ခြင်း စသည့်အကြမ်းဖက်မှု တို့ဖြင့် တုန့်ပြန်ခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များကိုလိုက်လံဖမ်းဆီးခြင်း၊ ပိုင်ဆိုင်မှုများကိုခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ချိတ်ပိတ်ခြင်း၊ ပါတီရုံးချုပ်အပါအဝင်အဆင့်ဆင့်သောရုံးများကိုလည်း ကျူးကျော်ဝင်ရောက် ဖျက်ဆီးခြင်း၊ ပါတီပိုင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်း တို့ကိုလည်း ဆက်တိုက်ကျူးလွန်ခဲ့ရာ ယခုနှစ် အောက်တိုဘာလကုန်ပိုင်းအထိ မှတ်တမ်းများအရ ဖမ်းဆီးခံ ထားရသူ လွှတ်တော်ကိုယ်စား လှယ် ၉၀ ဦး အပါအဝင် အဖွဲ့ချုပ်ဝင်စုစုပေါင်း ၁,၁၆၉ ဦးရှိသည်ဟု ထုတ်ပြန်သည်။

ဖမ်းဆီးထားစဉ် ကာလအတွင်း သေဆုံးသူ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးအပါအဝင် ၆၇ဦးရှိကြောင်း၊ ပါတီရုံးများ ကျူးကျော်ဝင်ရောက်မှု ၁၂၀ ကြိမ်ရှိပြီး ပါတီဝင်၂၇၄ ဦး၏ ပိုင်ဆိုင်မှုနေအိမ်များ ချိတ်ပိတ်သိမ်းဆည်းခံခဲ့ရကြောင်း၊ ယင်းသို့ ချိတ်ပိတ်သိမ်းဆည်းခံရမှုများအနက် လွှတ်တော်ကိုယ်စားလှယ် ၁၃၆ ဦး၏ နေအိမ်များပါဝင်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပရန် ကြံစည်နေပြီး နိုင်ငံရေးအရ တရားဝင်မှုရရှိနိုင်ရေးနှင့် နိုင်ငံတကာအသိအမှတ်ပြု ထောက်ခံမှု ရရှိနိုင်ရေးတို့အတွက် ကြိုးပမ်းနေရာ NLD အနေဖြင့် လုံး၀လက်ခံ အသိအမှတ်ပြုမည်မဟုတ်ဟု အသိပေး ထုတ်ပြန်သည်။

တိုင်းရင်းသား ပြည်သူတရပ်လုံးကလည်း ယင်းတို့ကိုယ်တိုင် ရွေးချယ်ပေးထားသော လွှတ်တော် ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသည့်လွှတ်တော်အဆင့်ဆင့် တရားဝင်တည်ရှိနေပြီး ဖြစ်ပါသဖြင့် ထိုအတုအယောင် ရွေးကောက်ပွဲ ကို လက်ခံအသိအမှတ်ပြုမည် မဟုတ်ကြောင်း နည်းလမ်းမျိုးစုံ ဖြင့်ဖေါ်ပြနေပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထာသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

Federal Wings၏ ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် ဒရုန်းများ အောင်မြင်စွာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။