Connect with us

Hi, what are you looking for?

သတင်း

မင်းပြားတွင် စစ်ကောင်စီတပ်၏ ရိက္ခာပို့ရေယာဉ်ကို AA ကြားဖြတ်တိုက်ခိုက်

စစ်ရေယာဉ် ၂စီးအား AAက တိုက်ခိုက်ရာ၌ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု၊ ရေယာဉ် ပျက်စီးမှု ရှိမရှိကို စုံစမ်းဆဲဖြစ်သည်။

(စစ်​ကောင်စီတပ်​ရေယာဥ်တစ်စီးကို စက်တင်ဘာလက​တွေ့ရစဥ်။ ဓါတ်ပုံ-Western News)
(စစ်​ကောင်စီတပ်​ရေယာဥ်တစ်စီးကို စက်တင်ဘာလက​တွေ့ရစဥ်။ ဓါတ်ပုံ-Western News)

▪︎စစ်ကောင်စီတပ်က လမ်းနက်ကြီးဖြင့် ရမ်းပစ်၍ ရွာအချို့မှ နေအိမ်များထိခိုက်ပျက်စီး

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ်၏ ရိက္ခာပို့ ရေယာဉ်ကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ နိုဝင်ဘာ ၈ရက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ရခိုင်ဒေသခံက ပြောသည်။

“စစ်ကောင်စီက ဇက်နေဗီ ၂စီးက မင်းပြားကို ရိက္ခာတွေ လက်နက်တွေလာပို့တာပေါ့။ အဲရင်လတုန်းကလည်း အဲဒီလို တစ်ခေါက်ဖြစ်တယ်။ သူတို့က ရိက္ခာတွေ လက်နက်တွေ စစ်သားတွေ အဲဒီလို လာပို့တယ်ဆိုတော့ AA ဘက်က အဲဒါကို ဖြတ်တိုက်တာရှိတယ်။ဟိုတစ်ပတ်ကလည်း အဲဒီလို ဖြတ်တိုက်တာရှိတယ် အခုလည်း နေဗီတွေ အတိုက်ခံရတယ်လို့ ပြောတယ်။ အဲဒါ ဟတ်စကီးက လာပြီးတော့ အနီးအနားက တောတွေ တောင်တွေကို ပစ်တာပေါ့။ လူနေအိမ်တွေလည်း ထိခိုက်တယ်လို့ပြောတယ်။ ဟိုအရင်ကတော့ သေတာ ဒဏ်ရာရတာရှိတယ်။ ဒီတစ်ပတ်က အိမ်တွေပဲ ထိခိုက်တယ်ဆိုတော့ ရွာတိုင်းရွာတိုင်းမှာ ဖြစ်လာပြီ ဖြစ်တော့မယ်ဆို ဗုံးခိုကျင်းထဲကို ဝင်ပြီး ပုန်းနေကြတာ အလေ့အထ တစ်ခုဖြစ်လာတယ်။ ဒါကြောင့် အသေအပျောက်တော့ မရှိဘူး အိမ်တွေဘာတွေတော့ ထိတာတွေရှိတယ်” ဟု ရခိုင်ဒေသခံက ပြောသည်။

စစ်တွေမှ မင်းပြားသို့ လာသည့် စစ်ကောင်စီတပ် ရေယာဉ် ၂စီးကို မင်းပြားမြို့မရောက်မီ ခေါင်းလောင်းချောင်းရွာအနီး၌ AA က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရခိုင်သတင်းဌာန Western Newsက ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းကလည်း စစ်ကောင်စီ၏ ရေယာဉ် ၂စီးကို AAက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်၍ အရပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့ စစ်ကြောင်းများ၊ ရေယာဉ်များ တိုက်ခိုက်ခံရပါက ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ရခိုင်ဒေသခံက ပြောသည်။

“ဇက်နေဗီကရော လေကြောင်းကရော ပစ်တာနေမှာ။ပြီးတော့ မင်းပြားက ကျိန်းတောင်ပေါ်မှာ တပ်စွဲထားတဲ့ စခန်းကလည်း ပစ်တယ်။ ဖြစ်တဲ့နေရာတွေ ရှိမယ်ထင်လောက်တဲ့နေရာတွေ တောတွေ တောင်တွေ ရွာတွေ အကုန်လုံး ရမ်းသန်းပစ်တာပေါ့။အခုဟာက အဓိက ရွာတွေကို ပစ်တာများတယ်။ သေတာတွေ ဒဏ်ရာရတာတွေ အများကြီးပေါ့။ မတော်တဆရယ်လို့မဟုတ်တော့ဘူး ။အခုဟာက တမင်ကို ပစ်တာ။ နေရာတိုင်းမှာ တွေ့ရတယ်” ဟု ရခိုင်ဒေသခံတစ်ဦးက ရခိုင်ဒေသ၌ စစ်ကောင်စီတပ်၏ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းနှင့်ပတ်သက်ပြီး ပြောသည်။

ယနေ့မင်းပြားမြို့နယ်အတွင်းစစ်ကောင်စီတပ်၏ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဒေသတွင်းရှိ ဖလောင်းပြင်ရွာမှ လူနေအိမ် ၇လုံး၊ ကျားရှည်ပြင်ရွာမှ ၃လုံး၊ စက္ကေရေရွာမှ ၇လုံး၊ ကျားပိုက္ကေရွာမှ ၃လုံး ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဒေသတွင်းသတင်းဌာန Border News Agency ကဖော်ပြသည်။

စစ်ရေယာဉ် ၂စီးအား AAက တိုက်ခိုက်ရာ၌ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု၊ ရေယာဉ် ပျက်စီးမှု ရှိမရှိကို စုံစမ်းဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်