Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ သီးဘွာလ်စခန်းတိုက်ပွဲ ၅ရက်အတွင်း ဒရုန်းဖြင့်အကြိမ် ၃၀၀ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ဟု CNO/CNDF ထုတ်ပြန်

စစ်ကောင်စီတပ်က လေကြောင်းအင်အား အလုံးအရင်း အသုံးပြုတုံ့ပြန်လာသော်လည်း စခန်းသိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

CNDFမှ စနိုက်ပါသမားတစ်ဦး လေ့ကျင့်ပစ်ခတ်နေစဉ်၊ဓာတ်ပုံ - CNO
CNDFမှ စနိုက်ပါသမားတစ်ဦး လေ့ကျင့်ပစ်ခတ်နေစဉ်၊ဓာတ်ပုံ - CNO

▪️စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် အနည်းဆုံး ၃၀ကျော်သေဆုံးခဲ့ပြီး CNDFရဲဘော်အချို့ ဒဏ်ရာရ

ချင်းပြည်နယ် ဖလမ်းမြို့ရှိ စစ်ကောင်စီ၏ သီးဘွာလ် တပ်စခန်းကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲရာ တိုက်ပွဲ ၅ရက်တာကာလအတွင်း ဒရုန်းဖြင့်အကြိမ် ၃၀၀ ကျော် ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် အနည်းဆုံး ၃၀ကျော် သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)က ထုတ်ပြန် သည်။

အဆိုပါ သီဘွာလ်တပ်စခန်းသည် ဖလမ်းနှင့် ရိဒ်ခေါဒါရ်မြို့အကြား၌တည်ရှိပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူးဦးစီးသည့် အင်အား ၃၄ဦးကျော်ရှိကြောင်း၊ ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ရဟတ်ယာဉ်ဖြင့် စစ်အင်အားဖြည့်တင်းသွားကြောင်း CNDF စစ်ဦးစီးချုပ် ဆလိုင်းပီတာထန်းက People’s Spring သတင်းဌာနသို့ ယမန်နေ့တွင် ပြောကြားထားသည်။

စစ်ကောင်စီတပ်က လေကြောင်းအင်အား အလုံးအရင်း အသုံးပြုတုံ့ပြန်လာသော်လည်း စခန်းသိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စခန်းကလည်း သေချာလေးဆောက်ထားတယ်။ ခြံစည်းရိုးသုံးထပ်ကာထားတယ်။ မိုင်းအထပ်ထပ် ထောင်ထားတယ်ဆိုတာ ကျနော်တို့ သိရတယ်။ကျနော်တို့က အဲဒီ စခန်းတစ်ခုကို သိမ်းနိုင်လောက်မယ့် ယုံကြည်ချက်နဲ့ သွားခဲ့တာပေါ့။ ဒါပေမဲ့ ထင်ထားတာထက် စကစ ဘက်က အဲဒီ စခန်းကို ကာကွယ်မှုက တအားမြင့်နေတယ်”ဟု CNDF စစ်ဦးစီးချုပ်က ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၅ရက် နံနက်ကစပြီး သီးဘွာလ်တပ်စခန်းကို သိမ်းပိုက်ရန် လက်နက်ကြီးများ၊ လက်နက်ငယ်များ၊ ဒရုန်းများဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ယင်းနေ့ နံနက်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ၃ကြိမ်လာရောက် ဗုံးကြဲခဲ့သည်ဟုဆိုသည်။ တိုက်ပွဲ ပထမရက်တွင် စစ်ကောင်စီတပ်မှ ၈ဦးခန့် သေဆုံးခဲ့ပြီး CNO/CNDF ရဲဘော် ၂ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် ZFU/PDF-Zoland, CDF – CDM-Siyin နှင့် ချင်းပူးပေါင်းကာကွယ်ရေး တပ်ဖွဲ့ ဖြစ်သော CJDC တို့မှလည်း ကူညီအင်အားဖြည့်ပေးခဲ့ကြောင်း ထုတ်ပြန် သည်။

တိုက်ပွဲ ဒုတိယရက်တွင် စစ်ကောင်စီတပ်မှ ၅ဦး သေဆုံးပြီး စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူဖြင့်တိုက်ခိုက်ခဲ့သော်လည်း CNO/CNDF ဘက်က ထိခိုက်မှုမရှိဟု ဆိုသည်။ နိုဝင်ဘာ ၁၇ရက်တွင် တိုက်ပွဲဆက်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့၌ စစ်ကောင်စီတပ်မှ ၆ဦးသေဆုံးပြီး CNO/CNDF ရဲဘော် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။ ယင်းညတွင် ပူးပေါင်းတပ်ဖွဲ့ဖြစ်သော MEDF မှ Drone ဖြင့် ဗုံးအမြောက်အမြား ကူညီကြဲချခဲ့သည်ဟုလည်း ဖော်ပြသည်။

ထို့အပြင် တိုက်ပွဲလေးရက်မြောက်နေ့တွင် စစ်ကောင်စီတပ်မှ ၄ဦးသေဆုံးခဲ့ပြီး CNO/CNDF ဖက်မှ တပ်သားတစ်ဦး လက်နက်ကြီးထိမှန်ဒဏ် ရာရခဲ့ကြောင်း၊ ယမန်နေ့ (နိုဝင်ဘာ ၁၉ရက်) တွင် စခန်းသိမ်းရန် ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂စီး၊ ရဟတ်ယာဉ် ၅စီးအသုံးပြုပြီး စခန်းမကျရေးတုံ့ပြန်တိုက်ခိုက် လာကြောင်း CNO/CNDFက ထုတ်ပြန်သည်။ ယမန်နေ့ တိုက်ပွဲတွင် CDF-Lautu မှလည်း စစ်ကူလာရောက်ပေးခဲ့ကြောင်း ဖော်ပြသည်။

အလားတူ စစ်ကောင်စီတပ်ကလည်း သီးဘွာလ် တပ်စခန်းသို့ စစ်ကူအင်အားဖြည့်ခဲ့ပြီး ဒဏ်ရာရ စစ်သားများနှင့် အလောင်းများကို ကလေးမြို့စစ်ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် သယ်ဆောင်သွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဘက်မှ စစ်ကူတပ်များကိုလည်း ယမန်နေ့ညနေပိုင်းက သီးဘွာလ်တပ်စခန်းအနီး၊ ဘွာလ်သဲကျေးရွာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၁နာရီကျော်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး ၆ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

အထိနာသည် စစ်ကောင်စီတပ်သည် ညပိုင်း၌ ဘွာလ်သဲကျေးရွာရှိ နေအိမ်များအား စတင်မီးရှို့ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။