Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် PDF ရဲဘော်နှစ်ဦး မိုင်းမတော်တဆမှုကြောင့်ကျဆုံး၊ စစ်ကောင်စီတပ်က ဒေသခံပြည်သူခြောက်ဦး သတ်ဖြတ်သွား

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ခုပေါင်း ခန့်မှန်းအင်အား၂၀၀ကျော်ဖြင့် စစ်ကြောင်းထိုးနေပြီး ၄ရက်အတွင်း ကျေးရွာပေါင်း ၉ရွာရှိ နေအိမ် ၄၀၀ကျော်ကို မီးရှို့ဖျက်ဆီးထားသည်။

ခင်ဦး
ခင်ဦး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတ​ပ်နှင့် တိုက်ခိုက်နေသည့် ဒေသတွင်း PDFအဖွဲ့မှ ရဲဘော်နှစ်ဦး မိုင်းမတော်တဆမှုကြောင့်ကျဆုံးခဲ့ကြောင်း ခင်ဦးအခြေစိုက် Khin U Special Force Organization-KSO အဖွဲ့ တာဝန်ခံက ပြောသည်။

နိုဝင်ဘာ ၁၈ ရက်တွင် ရဲဘော် လေးဦး မိုင်းမတော်တဆမှုကြောင့် ဒဏ်ရာရှိခဲ့ကာ နှစ်ဦးကျဆုံး၍ နှစ်ဦးဆေးကုသနေရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“စစ်ကြောင်းက လက်နက်ကြီးတွေနဲ့ပစ်တာ။ သူတို့ထွက်မယ့်လမ်းကြောင်းမှာ။ ပစ်တော့ ရဲဘော်တွေက ရှေ့က စစ်ကြောင်းထောက်ရင်းထောက်ရင်းနဲ့ မိုင်းတွေဆင်ထားတဲ့အခါမှာ ကိုယ်ထောင်ထားတဲ့မိုင်း၊ တော်လှန်ရေးရဲဘော်အချင်းချင်း ထောင်ထားတဲ့မိုင်းပေါ့။ မတော်တဆမိုင်းကကွဲပြီးတော့ လေးဦးက ဒဏ်ရာတွေရသွားပြီးတော့ နှစ်ဦးက ပွဲခြင်းပြီးဆုံးသွားတာပေါ့။ နှစ်ဦးကတော့ ဒဏ်ရာရသွားတယ်။”ဟု Khin U Special Force Organization-KSO အဖွဲ့ တာဝန်ခံက ရှင်းပြသည်။

ခင်ဦးတောင်ခြမ်းနှင့် အနောက်တောင်ခြမ်းသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် ခင်ဦးနယ်လက်ပံလှရွာမှတဆင့် ခင်ဦးမြို့ပေါ်သို့ ဒဏ်ရာရသူများသယ်ဆောင်ကာ ပြန်ဆုတ်သွားကြောင်း KSO အဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ခုပေါင်း ခန့်မှန်းအင်အား၂၀၀ကျော်ဖြင့် စစ်ကြောင်းထိုးနေပြီး ၄ရက်အတွင်း ကျေးရွာပေါင်း ၉ရွာရှိ နေအိမ် ၄၀၀ကျော်ကို မီးရှို့ဖျက်ဆီးထားသည်။

နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်က မီးရှို့ဖျက်ဆီးခြင်းခံရသော ပေါင်းလဲကုန်းကျေးရွာတွင် နေ အိမ် ၁၃၆ လုံးမီးလောင်ပျက်စီးသွားခဲ့သည်။

ထို့အပြင် အဆိုပါ ကျေးရွာနေ အသက်(၈၅)နှစ်အရွယ် ဒေါ်ချစ်စုအား နေအိမ်အတွင်း မီးရှို့သတ်ဖြတ်ခဲ့ပြီး အသက်(၅၃)နှစ်အရွယ် ဦးဆန်းဝင်းသည်လည်း လက်နက်ကြီးမှန်ကာ ဒဏ်ရာဖြင့် အမောဖောက်သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

နိုဝင်ဘာ ၂၀ ရက်က ခင်ဦးနယ်တောင်ခြမ်းရောက်နေသော စစ်ကြောင်းသည် ရွှေဘိုမြို့နယ် လိပ်ရကုန်းရွာမှ ဒေသခံ လေးဦးအား သတ်ဖြတ်၍ နေအိမ်၁၅လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ယနေ့(နိုဝင်ဘာလ ၂၁ ရက်)တွင်လည်း ခင်ဦးမြောက်ခြမ်းရှိ စစ်ကြောင်းသည် စောကြီးရွာ၊သေနပ်စိန်ရွာတို့အား မီးတင်ရှို့နေခဲ့ကြပြီး ပျက်စီးမှု အခြေအနေမသိရသေးကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ခင်ဦးမြို့နယ်ရှိ ရွာပေါင်း ၅၅ရွာမှ နေအိမ် ၂,၅၀၀ကျော် အထိ မီးရှို့ဖျက်ဆီးခံထားပြီး ရဲဘော်နှင့်ပြည်သူပေါင်း၂၂၂ဦး သေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။