▪︎ထို၅ချက်ကိုလိုက်နာလျှင်ဆွေးနွေးကောင်းဆွေးနွေးမည်ဟုNUGယာယီသမ္မတပြော
▪︎NUG ပြောကြားချက်မှုမှာအမှန်ကန်ဆုံးနှင့်သဘာဝအကျဆုံးလမ်းကြောင်းဖြစ်ပြီးပြည်သူများ၏ဆန္ဒ၊ တောင်းဆိုချက်များနှင့်ကိုက်ညီသောအခြေခံသဘောထားများဖြစ်ကြောင်းနိုင်ငံရေးစောင့်ကြည့်လေလာသူမှတ်ချက်ပြု
တော်လှန်ရေး လုံးဝအောင်နိုင်ရေးအတွက် အပြင်းအထန်လုပ်ဆောင်ရမည်ဖြစ်ပြီး မဖြစ်မနေဆွေးနွေးရမည်ဆိုပါက စစ်တပ် ပြည်သူလူထုကို သတ်ဖြတ်နေခြင်းကို ချက်ချင်းရပ်ဆိုင်ရေး၊ စစ်တပ် နိုင်ငံရေးမှဆုတ်ခွာရေး၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး စတဲ့ ကန့်သတ်ချက် ၅ ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ယမန်နေ့တွင် ထုတ်ဖော်ပြောကြားသည်။
မြန်မာ့ဒီမိုကရေစီအရေးနှင့် အမျိုးသားတန်းတူအခွင့်အရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေမှုများကို REUTERS Next – “Leadership Summit နှင့် Global Broadcast” အစီအစဥ်တွင် NUG ယာယီသမ္မတက ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး ပြည်သူလူထုအ နေဖြင့် အကြမ်းဖက်စစ်ကောင်စီကို ဘယ်တော့မှ ဆွေးနွေးမည်မဟုတ်ကြောင်း သဘောထား ထုတ်ပြန်ပြီးဖြစ်သည်ဟု ဒူဝါလရှီးလက ပြောသည်။
စစ်ကောင်စီသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် နည်းမျိုးစုံဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူများမည်မျှပင် သေဆုံးစေကာမူ နှိပ်စက် ဖျက်ဆီးမည်ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနမှတဆင့် နိုင်ငံတကာသို့ ပြောသည်။

NUG သည် ပြည်သူလူထုကို အမြန်ဆုံးကာကွယ်နိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အင်အားကောင်းကောင်းဖြင့် ကြိုးပမ်းလုပ်ဆောင်နေပြီး စစ်ကောင်စီ၏လေယာဥ်များကို ပစ်ချနိုင်သည့် လက်နက်များရှိပါက ၆ လအတွင်း တော်လှန်ရေး အနိုင်ရရှိ အောင်မြင်မည်ဟု ယာယီသမ္မတက ပြောသည်။
“NUG အစိုးရအနေနဲ့တော့ ပြည်သူလူထုရဲ့အကျိုး၊ နိုင်ငံရဲ့ အကျိုးကို ကြည့်ပြီးတော့ လိုအပ်ရင် လိုအပ်သလို နည်းလမ်းတွေ ရှာနေပါတယ်။ အဲဒီမှာ ကျွန်တော်တို့ စဥ်းစားထားတာ စစ်ကောင်စီဟာ သူ့ရဲ့အာဏာတည်မြဲရေးအတွက် နည်းမျိုးစုံနဲ့ကို ကိုင်ထားမှာ၊ နှိပ်စက်မှာ လူပေါင်းဘယ်လောက်သေသေ တိုင်းပြည်မှာ ဘယ်လောက်ပျက်စီးစီး လုပ်မှာပဲ။ ဒါကို ကျွန်တော်တို့ အမြန်ဆုံးကာကွယ်နိုင်ဖို့ ၊ ကျွန်တော်တို့ရဲ့ PDF တွေကို အင်အားကောင်းကောင်းနဲ့ အထူးသဖြင့် ရုရှားလေယာဥ်တွေနဲ့ ပြည်သူလူထုတွေကို တိုက်ခိုက် သတ်ဖြတ်နေတာ၊ နောက်တစ်ခါ ရွာတွေကို လိုက်ပြီး မီးရှို့နေတာ စသည်ဖြင့် ဒါတွေကို ကိုင်တွယ်နိုင်ဖို့ လေယာဥ်ပစ်ချတဲ့ လက်နက်များရှိရင်တော့ ကျွန်တော်တို့ထင်တာ ၆ လလောက်နဲ့ဆိုရင် ကျွန်တော်တို့ လုံးဝနိုင်သွားပါပြီ။ သူတို့ကိုယ်တိုင်က ဆွေးနွေးတဲ့ စားပွဲဝိုင်းကို ရောက်လာချင်မှာပါ။ နောက် အာဆီယံရဲ့ အဆိုပြုချက်တွေကို လက်ခံလာမှာပါ။ UN ၊ US နဲ့ EU နိုင်ငံတွေ ကမ္ဘာ့နိုင်ငံတွေရဲ့ တောင်းဆိုချက်ကို လိုက်နာလာမှာပါ။ ဒါမှမဟုတ်ရင် သူတို့ လိုက်နာမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က ဒါကို အပြင်း အထန်လုပ်ရမယ်လို့ ထင်ပါတယ်။ အဲဒီကြားမှာ တော်လှန်ရေးမှာ ထွက်ပြေးနေရတဲ့ ပြည်သူလူထုတွေရဲ့ ငတ်မွတ်မှုကို ကာကွယ်နိုင်ဖို့ IDP တွေနဲ့ ရွာသူရွာသားတွေကို၊ စားဝတ်နေရေးနဲ့ ကျန်းမာရေးကို ကူညီဖို့လည်း အင်မတန်အရေးကြီးပါတယ်။ ဒါကို လူသားချင်း စိတ်ဓာတ်ရှိတဲ့ နိုင်ငံတကာမိတ်ဆွေများအနေနဲ့ လေးလေးနက်နက် စဥ်းစားပြီး ထောက်ပံ့စေချင်ပါတယ်” ဟု ဒူဝါလရှီးလက ပြောသည်။
အကယ်၍ စစ်ကောင်စီနှင့် မဖြစ်မနေ ဆွေးနွေးရမည်ဆိုပါက စစ်တပ်က ပြည်သူလူထုကို သတ်ဖြတ်နေခြင်းကို ချက်ချင်းရပ်ဆိုင်းရန်၊ စစ်တပ်နိုင်ငံရေးလောကမှ လုံးဝဆုတ်ခွာရေး အာမခံချက်ရှိရန်၊ နိုင်ငံတကာ၏ လူသားချင်းစာနာမှုအကူအညီကို အနှောင့်အယှက် မရှိ ကူညီရေး သဘောတူရန်၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရန် နှင့် ယင်းအချက်များခိုင်မာမှုရှိစေရေး နိုင်ငံတကာက ကြားဝင်ဆောင်ရွက်ပေးရန် အချက် ၅ ချက်ကို NUG က သတ်မှတ်ထားကြောင်း ၎င်းကထုတ်ပြောသည်။ စစ်ကောင်စီကအဆိုပါ ၅ ချက်ကိုလိုက်နာပါက ဆွေးနွေးကောင်းဆွေးနွေးမည်ဟု ယာယီသမ္မတကဆက်ပြောသည်။
NUG ယာယီသမ္မတ၏ သတ်မှတ်ချက်များသည် စစ်တပ် မလိုက်လျောနိုင်သည့်အချက်များဖြစ်ပြီး ယင်းတောင်းဆိုချက်များသည် အမှန်ကန်ဆုံး၊ သဘာဝအကျဆုံး လမ်းကြောင်းဖြစ်ကာ ပြည်သူလူထု၏ ဆန္ဒနှင့် တောင်းဆိုချက်များကိုလည်း အခြေခံထားသည်ဟု ရှုမြင်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။
“နိုင်ငံရေးဆိုတာကတော့ ကိုယ့်ဘက်က အခြေအနေတွေကို အေးအေးဆေးဆေးဖြေရှင်းလို့ရရင် အကောင်းဆုံးပေါ့၊ နောက်ပြီးတော့ တစ်ကမ္ဘာလုံးကလည်း အဲဒီလိုဆွေးနွေးပွဲမျိုး ပေါ်ထွန်းဖို့အတွက် အခုက တွန်းအားပေး၊ အဖွဲ့အစည်းအသီးသီးကနေ ကူညီနေတာ ဖြစ်ပါတယ်။ အဲဒီသဘောထားတွေကိုလည်း ကျွန်တော်တို့က ပစ်ပယ်လို့မရဘူးလေ။ ဒါပေမယ့် ဒူဝါလရှီးလပြောတဲ့ အခြေခံမူတွေကို စစ်တပ်အနေနဲ့ ဘယ်လိုမှ လိုက်လျောနိုင်မှာ မဟုတ်ပါဘူး။ စစ်တပ်အနေနဲ့ နိုင်ငံရေးက ထွက်ပေးဖို့ဆိုတာ စစ်တပ်က ဘယ်တော့မှ မလိုက်လျောနိုင်ပါဘူး။ ၂၀၀၈ ခြေဥဖျက်သိမ်းပစ်ရေးဆိုတာလည်း စစ်တပ်အတွက် မလိုက်လျောနိုင်တဲ့ ကိစ္စပါ။ သို့သော် အဲဒီကိစ္စတွေများ လိုက်လျောလာမယ်ဆိုရင် စစ်ကောင်စီတစ်ခုလုံး နှုတ်ထွက်သွားဖို့ အခြေအနေရှိတာကိုး။ အဲဒီလိုဖြစ်လာရင်တော့ အကောင်းဆုံးပေါ့ဗျာ စကားပြောဖို့။ ဒါက လက်တွေ့ကျပြီး ဗမာပြည်ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းဖို့အတွက် NUG က တင်ပြတဲ့လမ်းကြောင်းဟာ အမှန်ကန်ဆုံးနဲ့ သဘာဝအကျဆုံး လမ်းကြောင်းဖြစ်တယ်။ ပြည်သူတွေရဲ့ ဆန္ဒနဲ့ တောင်းဆိုချက်ကိုလည်း လိုက်လျောထားတဲ့ အခြေခံသဘောထားတွေဖြစ်တဲ့အတွက် ကျွန်တော်က ထောက်ခံတဲ့အကြောင်း ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) အဖွဲ့ဝင်တစ်ဦးကလည်း NUG ၏ နိုင်ငံရေးရပ်တည်ချက်သည် စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ဖျက်ရေး၊ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ပဋိဥာဥ်ကို အခြေခံကာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးဟု သိရှိထားကြောင်း ပြောသည်။
“ဆွေးနွေးရေးက မဖြစ်နိုင်ဘူး။ စစ်တပ်ကို ဆွေးနွေးဘက်အဖြစ် သတ်မှတ်ထားတယ်လို့ သိမထားဘူး။ အမြစ်ပြတ်တိုက်ဖျက်မယ်လို့ပဲ သိထားတယ်” ဟု NUCC အဖွဲ့ဝင်က ပြောသည်။
