နစ်နာဆုံးရှုံးရသည့် ပြည်သူတစ်ဦးချင်းစီအတွက် တရားမျှတမှုနှင့် ပြန်လည်တည်ထောင်ရေးကို မဖြစ်မနေဖော်ဆောင်မည်ဟု အာမခံ
အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် ကျေးလက်၊မြို့ပြနေပြည်သူများ၏ နေအိမ်များဖျက်ဆီး၍ မြေယာများလုယူနေခြင်းနှင့်ပတ်သက်သည့် အထူးသတိပေးတားမြစ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ထုတ်ပြန်ခဲ့ရာ ပြည်သူများ၏ နေအိမ်ဖျက်ဆီးမှုတွင်ပါဝင်သူများကို အရေးယူမည်ဟု ဖော်ပြထားသည်။
မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို လက်နက်အားကိုး၊လုယူပြီးနောက် ကျေးလက်နေ ပြည်သူပိုင်နေအိမ်များ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းပြုလုပ်နေရုံသာမက၊ မြို့ပြနေပြည်သူများ၏ နေအိမ်များကိုပါ အတင်းအဓမ္မ ဖျက်ဆီး၍ မြို့ပြမြေယာများအား အဓမ္မလုယက်လျက်ရှိသည်ဟု NUGက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းလက်အောက်ရှိ စည်ပင်သာယာရေးကော်မတီအပါအဝင် ဝန်ထမ်းများနှင့် ၎င်းစစ်ကောင်စီ၏ အပေါင်းပါများအနေဖြင့် ယခုကဲ့သို့ မြို့ပြနေပြည်သူ လူထု ၏နေအိမ်များကို အတင်းအဓမ္မဖျက်စီးခြင်း၊ မြေယာများအား လုယက်ခြင်းများကို ချက်ချင်းရပ်ဆိုင်းရန်၊ ပြည်သူလူထု၏ နေအိမ်များ ဖျက်စီးခြင်းကို ဆက်လက်မပြုလုပ်ရန် ပြင်းထန်စွာသတိပေး တားမြစ်လိုက်ကြောင်း ဖော်ပြထားသည်။

တားမြစ်ချက်ကို မလိုက်နာဘဲ ဆက်လက်ကျူးလွန်နေပါက အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်ပါဝင်ပတ်သက်သူများ၊ အဖွဲ့အစည်းများအား ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် နစ်နာဆုံးရှုံးခဲ့သည့် ပြည်သူတစ်ဦးချင်းဆီအတွက် တရားမျှတမှုနှင့် ပြန်လည်တည်ထောင်ရေး လုပ်ငန်းစဉ်များကို မဖြစ်မနေအာမခံဖော်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

Public Service Announcement


ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအပါအဝင် မြို့ကြီးအချို့တွင် အကြမ်းဖက်စစ်အုပ်စုက မြို့ပြနေ အခြေခံလူတန်းစားများ၏ နေအိမ်များအား အတင်းအဓမ္မ ဖြိုဖျက်မှု ကျူးလွန်ခဲ့သည်။ မင်္ဂလာဒုံမြို့နယ်ရှိ ရပ်ကွက်(၅)ခုမှ အိမ်ခြေပေါင်း တစ်သောင်းကျော်၊ လူဦးရေ ငါးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သကဲ့သို့ မရမ်းကုန်းမြို့နယ်တွင် အိမ်ထောင်စုပေါင်း ၁၀၀ ကျော်၊ မန္တလေးမြို့တွင် အိမ်ထောင်စုပေါင်းများစွာ အား အိမ်မဲ့ရာမဲ့ဘ၀သို့ ရောက်စေခဲ့ကြောင်း NUGက ထုတ်ပြန်သည်။
ကိုဗစ်ကူးစက်ရောဂါနှင့် နိုင်ငံတော်အာဏာလုယူမှုကြောင့် လူမှုဒုက္ခအ၀၀ကို ခံစားနေကြရသည့် အခြေခံပြည်သူများ၏ ဘ၀ကို စာနာနားလည်မှုမရှိ၊ ဖေးမကူညီမှုမရှိဘဲ ၎င်းတို့၏ ကျောတခင်းစာ နေရာများကို ဖျက်စီးခြင်း၊ ပြည်သူများ၏ အသိုက်အမြုံအားဖျက်စီးခြင်း၊ ၎င်းတို့၏ မြေယာများကို လုယူခြင်းသည် အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ယုတ်မာရက်စက်မှုကို ထပ်လောင်း အတည်ပြုပေးနေခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ရက်စက်ယုတ်မာခြင်းသည် အခြေခံလူ့ကျင့်ဝတ်ကို ချိုးဖောက်ခြင်းဖြစ်သည်သာမက နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်များပါ လူတိုင်း လုံလောက်သော အိမ်ရာ၊ စားနပ်ရိက္ခာနှင့် အခြေခံဝန်ဆောင်မှုများ ရရှိခွင့်ကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိနေကြောင်း NUGက ထုတ်ပြန်သည်။
ထို့အပြင် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ စစ်ဘေးရှောင်ကာ လူအစုအလိုက်အပြုံလိုက် ရွေ့ပြောင်းစေခြင်းများဖြင့် ကျေးလက်နေပြည်သူများကို တော်လှန်ရေးနှင့်ကင်းကွာစေရန် အကြောက်တရားနှင့် ခြိမ်းခြောက်ကျူးလွန်နေသကဲ့သို့ မြို့ပြနေ ပြည်သူများ၏ အိုးအိမ်များ ဖျက်ဆီးခြင်းဖြင့် မြို့ပြများကို ပိုမိုကျပ်တည်းခက်ခဲစေကာ ပြည်သူ့တော်လှန်ရေးအပေါ် အားပျော့ လာစေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည်မကွေးနှင့် စစ်ကိုင်းအပါအဝင် နိုင်ငံတစ်ဝန်း၌ ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ အာဏာသိမ်းကာလအတွင်း ပြည်သူလူထုနေအိမ် လေးသောင်းနီးပါးကို စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု Data for Myanmarက ယနေ့ ထုတ်ပြန်ထားသည်။


















































