စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ဒေသခံပြည်သူများ ၏ သီးနှံအခင်းများအား အဓမ္မရိတ်သိမ်းနေသော ပျူစောထီးများအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ShweBo Federal Army – SBFA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့(ဒီဇင်ဘာ၂၆ ရက်) နံနက် ၁၁နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ရွာသာကျေးရွာရှိ ပျူစောထီးများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ၁၀ဦးထက် မနည်း ပြင်းထန်ဒဏ်ရာရရှိကြောင်း SBFA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ကျေးရွာတောင်သူလယ်သမားများ၏ လယ်ယာခင်း၊ စပါးသီးနှံများကို ခိုးယူဖျက်ဆီးနေသည်ကို သတင်းရရှိ၍ သွားရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။
“သီးနှံတွေ ရိတ်ပြီးနားတဲ့အချိန်မှာ ချခဲ့တာပါ။”ဟု SBFA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
ထိခိုက်သေဆုံးမှုအခြေအနေကို ထပ်မံစုံစမ်းနေသည်ဟု ၎င်းက ဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို ShweBo Federal Army SBFA အဖွဲ့နှင့် တိုက်နယ်(၂)ညီနောင်များ၊ မဟာမိတ်ဖြစ်သော ဝက်လက်မြို့နယ် GHOST RIDER အဖွဲ့နှင့် တိုက်နယ် (၅) နယ်မြေခံ ရဲဘော်အင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။
ဒီဇင်ဘာ၂၅ရက် မွန်းလွဲ ၂ နာရီ ၄၀မိနစ်ခန့်ကလည်း တန့်ဆည်မြို့နယ်၊ ဆင်ငယ်ကျေးရွာတွင် တပ်စွဲထားသော ပျူစောထီးများသည် ဖလံချိုင် ရွာအနောက်ဘက်ရှိ ပြည်သူများစိုက်ပျိုးထားသောစပါးများကို ရိတ်စက်ဖြင့် အဓမ္မရိတ်သိမ်းနေချိန်တွင် ဒေသတွင်းPDFအဖွဲ့များက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။။


















































