▪︎စစ်တပ်အာဏာသိမ်းပြီးနောက် ပုဂ္ဂလိကဘဏ်များ၏ ဘဏ်ခွဲ သုံးပုံတစ်ပုံခန့်ပိတ်ခဲ့ရဟုဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးပြော
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များ အသုံးပြုသူလျော့ကျလာပြီးလုပ်ငန်းများကျဆင်းနေ၍ ဘဏ်ခွဲများကို ပိုမိုပိတ်သိမ်းလာရကြောင်း ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းမှသိရသည်။
စစ်ကောင်စီက ပြည်တွင်း၌ ငွေကြေးလွဲပြောင်းမှုများကို အဓမ္မတင်းကြပ်ခြင်း ၊ငွေသားထုတ်ယူမှုကန့်သတ်ခြင်းစသည်တို့ ကြောင့်ပြည်သူများက ဘဏ်လုပ်ငန်းများအပေါ် ယုံကြည်မှုလျော့နည်းလာခြင်းကြောင့်ဖြစ်သည်ဟုဘဏ်လုပ်ငန်းအသိုင်းအဝိုင်းက ပြောသည်။ ထိုအပြင် စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံစီးပွားရေး ကျဆင်းပြီးအကြပ်အတည်းကြုံနေသဖြင့် ဘဏ်များကိုအသုံးပြုမှု သိသိသာသာလျော့ကျလာကြောင်း ဘဏ်လောကသားအချို့ကပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ထားသည့် အများပိုင်ဘဏ်တစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံသားများဘဏ်သည် ဘဏ်ခွဲ ၅ ခုကို ပိတ်သိမ်းလိုက်ကြောင်း ဒီဇင်ဘာ၂၈ ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။

“ဘဏ်တွေထဲမှာ အများပိုင်ဘဏ်တွေကတော့ဘဏ်ခွဲတွေ ပိတ်တာကို တရားဝင်ကြေညာရတယ်။ ရှယ်ယာရှင်အနည်းစုပိုင်တဲ့ ဘဏ်တွေကတော့ တိုးတိုးတိတ်တိတ်ပိတ်ကြတာပေါ့။ အခုလို အများပြည်သူကို တရားဝင် ထုတ်ပြန်တာမလုပ်ကြဘူး”ဟု ဘဏ်မန်နေဂျာတစ်ဦးကပြောသည်။

Public Service Announcement
စစ်အုပ်စုနှင့်နီးစပ်သောကမ္ဘောဇဘဏ်(KBZ ဘဏ်)သည်လည်း မီနိဘဏ်များ၊ ဘဏ်ခွဲများကိုဆက်တိုက်ပိတ်သိမ်းနေရကြောင်းကမ္ဘောဇဘဏ်ဝန်ထမ်းတစ်ဦးကပြောသည်။
ဘဏ်ခွဲများကိုပိတ်သိမ်းရာတွင်Kpayစင်တာများအဖြစ်ပြောင်းလဲခြင်းနှင့် လုံးဝပိတ်သွားခြင်းစသဖြင့်နှစ်မျိုးရှိကြောင်း ၎င်းကဆက်ပြောသည်။
“ပြည်တွင်းမှာဘဏ်တွေက အရပ်သားအစိုးရလက်ထက်ကလို မလည်ပတ်နိုင်တော့ဘူး ။အကုန်လုံးက မရပ်ရုံလည်ပတ်နေရတယ်”ဟု ဘဏ်လုပ်ငန်းတစ်ခု၏ အကြီးတန်းအရာရှိတစ်ဦးကမှတ်ချက်ပေးသည်။

ပြည်တွင်းရှိဘဏ်များသည်လုံခြုံရေးအခြေအနေနှင့်နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဘဏ်ခွဲပေါင်း သုံးပုံတစ်ပုံကို ပိတ်ထားရသည်ဟု ၎င်းကဆိုသည်။
ဩစတြေးလျဘဏ် ANZက စစ်တပ်အာဏာသိမ်းပြီး မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းလည်ပတ်မှု ရှုပ်ထွေးသောကြောင့် မြန်မာနိုင်ငံမှထွက်ခွာခဲ့ထွက်ခွာမည်ဖြစ်ကြောင်းကြေညာခဲ့သည်။
အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ထားသည့် စစ်တပ်ပိုင်ဘဏ်များနှင့်လုပ်ငန်းဆက်စပ်ဆောင်ရွက်နေခြင်းကြောင့် ရိုးမဘဏ်တွင်ရှယ်ယာရင်းနှီးမြှပ်နှံထားသည့် ကမ္ဘာ့ဘဏ်လက်အောက်ခံ IFCက ရှယ်ယာများကို ပြန်လည်ရောင်းချသည်။ IFCက ရိုးမဘဏ်တွင်ရှယ်ယာ ၄ ဒသမ၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းဘဏ်ဝန်ထမ်းများက အကြမ်းမဖက်အာဏာဖီဆန်မှု (CDM)ဆောင်ရွက်ခဲ့ပြီး ၎င်းCDMဘဏ်ဝန်ထမ်းများကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးခြင်း၊ဖိအားအလုပ်ထုတ်ခိုင်းခြင်းများပြုလုပ်ခဲ့သည်။ ထိုအပြင်ဘဏ်များမှ ငွေသားထုတ်ယူမှုများကို ကန့်သတ်ခြင်း၊ ငွေသားအမြောက်အများထုတ်ယူခြင်း၊လွှဲပြောင်းခြင်းများကို စောင့်ကြည့်ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သည်။ ထိုအပြင် အွန်လိုင်းငွေပေးချေမှု အများဆုံးဝန်ဆောင်မှုပေးသောကမ္ဘာဇဘဏ်၏ Kpay က စစ်ကောင်စီနှင့် ပူးပေါင်း၍ Kpayအကောင့်များစွာကိုငွေကြေးများသိမ်းယူကာ ပိတ်ခဲ့သဖြင့် ပြည်သူများကပြင်းထန်စွာဝေဖန်ခဲ့သည်။စသည့်အခြေအနေများကြောင့် ပြည်တွင်းဘဏ်လုပ်ငန်းများကို လူထုက ယုံကြည်မှုလျော့ကျလာခဲ့ကြောင်းဘဏ်လောကသားများကပြောသည်။
