Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်ဖြုတ်ချရေး တသံထဲညီတချီထဲရုန်းတိုက်ပွဲဝင်မည့်ကိစ္စ ဦးမင်းကိုနိုင်နှင့် AA ဒုစစ်ဦးစီးချုပ် တို့က အပြန်အလှန် ​ပေးစာများဖြင့် ပြည်သူများကိုအသိပေး

AAက ထိုသို့ စစ်ကောင်စီနှင့် အပစ်ရပ်ခဲ့သော်လည်း AA အပေါ် သံသယမရှိကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်က မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ပြီး တချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အားလုံး တိုက်ပွဲတွင် ပါလာမည်ဟု ပြောဆိုခဲ့သည်။

စစ်အာဏာရှင်ဖြုတ်ချရေး တသံထဲညီတချီထဲရုန်းတိုက်ပွဲဝင်မည့်ကိစ္စ ဦးမင်းကိုနိုင်နှင့် AA ဒုစစ်ဦးစီးချုပ် တို့က အပြန်အလှန် ​ပေးစာများဖြင့် ပြည်သူများကိုအသိပေး
စစ်အာဏာရှင်ဖြုတ်ချရေး တသံထဲညီတချီထဲရုန်းတိုက်ပွဲဝင်မည့်ကိစ္စ ဦးမင်းကိုနိုင်နှင့် AA ဒုစစ်ဦးစီးချုပ် တို့က အပြန်အလှန် ​ပေးစာများဖြင့် ပြည်သူများကိုအသိပေး

▪︎နွေဦးတော်လှန်ရေး မအောင်မြင်မချင်းတော်လှန်ရေး၏လိုအပ်သည့်နေရာ၌ရှိနေမည်ဟု AA ဒုစစ်ဦးစီး ချုပ်ပြော

စစ်အာဏာရှင် ဖြုတ်ချရေး တသံထဲညီ တချီထဲရုန်း တိုက်ပွဲဝင်မည့် သံစုံတီးဝိုင်းအတွက် သီချင်းအမည်ရွေးရန် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင်နှင့် ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်တို့ လူမှုကွန်ရက်မှတဆင့် အပြန်အလှန် စာရေးပြီး ၎င်းတို့၏ တော်လှန်ရေးအတွက်ရွက်မှု၊ တော်လှန်ရေးအပေါ် သဘောထားအမြင်များကို အပြန်အလှန်​ပေးစာများဖြင့် ပြည်သူလူထုအား အသိပေးပြောကြားခဲ့သည်။

လာမယ့် နွေဦးဟာ ငါတို့အောင်ပွဲ ခေါင်းစဉ်ကို သူပုန်ဖြူ ကလောင်အမည်ဖြင့် ဒေါက်တာညိုထွန်းအောင်က ကဗျာရေးသားခဲ့ရာ ဦးမင်းကိုနိုင်က ကဗျာပါ စာသားများကကဗျာရေးသူ၏ စိတ်ရင်းကို မြင်တွေ့ရကြောင်း ​ဖေစ်ဘွခ်မှတစ်ဆင့်​ “ပေးစာ” ဖြင့်​​ဖော်ပြခဲ့သည်။

“ဒီတော်လှန်ရေးဟာ ငါတို့တော်လှန်ရေး၊ ငါလုပ်နိုင်တာလုပ်ပေးမယ့်ငါဟာနွေဦးစစ်သည်တစ်ဦးပဲ၊ ငါဟာသူပုန်ဖြူတစ်ကောင်ပဲ၊ ဒီခံယူချက်နှင့်နွေဦးတော်လှန်ရေးမှာငါတာဝန်ကျေခဲ့တယ်ဆိုတဲ့ဂုဏ်ဒြပ် သမိုင်းမှတ်တိုင်စိုက်ကြမယ်” ဟု ဒေါက်တာညိုထွန်းအောင်၏ ရေးသားချက်သည် နွေဦးကို ဘဝပုံပျိုးခဲ့ရသူပြည်သူများ အတွက် ဘာသာပြန်မလို သဘောရိုးအတိုင်းအပြည့်ရလိုက်ကြောင်း ဦးမင်းကိုနိုင်က​ပြောသည်။

“တကယ်တော့ဆရာရယ်စစ်ဖိနပ်နဲ့အကန်ခံရ အနင်းခံရတာချင်းတူတူဘယ်နံရိုးထိထိအားလုံးနာကျင်ရတာပါပဲ။ ဒီရင်အုံတခုတည်းအောက်အတူရှိပြီးနီးလျက်နဲ့ဝေးသလိုတော့ဘယ်ဖြစ်ပါ့မလဲ။တိုင်းရင်းသားပြည်သူတွေတော်လှန်အင်အားစုတွေညီမှာကိုဖက်ဆစ်တပ်ကအကြောက်ဆုံးပဲလေ” ဟု ဦးမင်းကိုနိုင်က ဒေါက်တာညိုထွန်းအောင်ထံရေးပို့သည့် ​ပေးစာ၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင်လည်း ပြည်လုံးအနှံ့ ဗုံးကြဲမီးရှို့ထားသည့် စစ်ကောင်စီတပ်က မြို့များ၊အဝိုင်းများ၌ တိုင်းရင်းသား အလံများ ထူပြလျက်ရှိရာ မည်သည့် တိုင်းရင်းသားကိုမျှ ကိုယ်စားမပြု၊ အလံဆိုသည်မှာယုံကြည်လက်နှင့်လွှင့်ထူမှ ဝိညာဉ်ပါသည်ကို စစ်ကောင်စီ သိဟန်မတူဟု ဦးမင်းကိုနိုင်၏ စာ၌ ပါရှိသည်။

“အချိန်ရရင်တော့ နွေဦးလမ်းမှာတော်လှန်ပန်းစုံ သံစုံတီးမည့် Orchestra ကြီးအကြောင်းအတူပြောချင်ပါသေးတယ်။ အားလုံးသံပြိုင်ဆိုမယ့်တေး နာမည်ရွေးစေချင်ပါသေးတယ်” ဟု ဦးမင်းကိုနိုင်က စစ်ကောင်စီကို တသံထဲညီ တချီထဲရုန်း တိုက်ပွဲဝင်ရန် နှင့်ပတ်သက်ပြီး ဒေါက်တာညိုထွန်းအောင်ထံ စာရေး သဘောထား မေးခဲ့သည်။

ယင်းသို့ စာပေးပို့လာသည့်အပေါ် AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ကလည်း စာပြန်ခဲ့ရာ ကဗျာအပေါ် ချီးကျူးပေးသည့် ရှစ်လေးလုံးအရေးတော်ပုံမှ ပေါက်ဖွားလာသည့် ခေါင်းဆောင် ၊ နွေဦးတော်လှန်ရေး၌ တိုက့်ွဲဝင်နေသည့် ဦးမင်းကိုနိုင်အား လေးစား တန်ဖိုးထားကြောင်း ဦးစွာ ပြောကြားထားသည်။

“နှစ်သစ်မှာ စိတ်ကိုယ်နှစ်ပါး ကျန်းမာပြီး ဒီတော်လှန်ရေးမှာ ယခုထက် ပိုလုပ်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်” ဟု ဒေါက်တာညိုထွန်းအောင်က ​ရေးသားထားသည်။

နွေဦးတော်လှန်ရေး၌ ရှေ့ဆုံးက ပါဝင်နေကြသည့် ဆေးတက္ကသိုလ်မိသားစု၊ သူငယ်ချင်း၊မိတ်​​ဆွေများထဲက နွေဦး တော်လှန်ရေးအတွက် ခွန်အားရှိသည့်စာ၊ ကဗျာ ရေးပေးရန် တောင်းဆိုလာ၍ နွေဦးတော်လှန်ရေး နှစ်နှစ်ပြည့်ရန် နှစ်လအလိုတွင် “လာမယ့် နွေဦးဟာ ငါတို့အောင်ပွဲ” ဆိုသည့် ကဗျာကို “သူပုန်ဖြူ” ဆိုသည့် ကလောင်ဖြင့် ရေးသားပေးပို့ခဲ့ကြောင်း ဒေါက်တာညိုထွန်းအောင်က ပြောသည်။ သူပုန်ဖြူဆိုသည်မှာ ဆေးလောက၌ ၎င်း၏ Code နာမည်ဖြစ်ပြီး သူပုန်ဖြူ အမည်ဖြင့်ပင် စာများ ဆက်ရေးဖြစ်မည်ဟု အသိ​ပေးထားသည်။

“ကျနော်တို့ ULA/AA အဖွဲ့အစည်းအပါအဝင် စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်နေကြတဲ့ ERO (EAO) အဖွဲ့အစည်းတွေဟာ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးကို ဘေးက လက်ပိုက်ရပ်ကြည့်နေကြတဲ့သူတွေ မဟုတ်ခဲ့ကြပါဘူး။ ကိုယ့်နည်းကိုယ်ဟန်၊ ကိုယ့်အဖွဲ့အစည်းရပ်တည်ချက်၊ မူဝါဒ၊ လမ်းစဉ်တွေကို ကိုယ့်ပြည်သူလူထု လိုလားချက်၊ မျှော်မှန်းချက်ကို အခြေခံပြီး ပုံစံတစ်မျိုးမျိုးနှင့် တော်လှန်ရေးပရဝဏ်ထဲမှာ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် ပါဝင်နေကြသူတွေချည်းပါပဲ” ဟု ဒေါက်တာညိုထွန်းအောင်က နွေဦးတော်လှန်ရေး၌ AA ပါဝင်သည့် အခန်းကဏ္ဍကို အသိပေးသည်။

လုပ်သင့်သည်များကို တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိဖြင့် လုပ်ပေးလို့ရသည့် အရာများကိုလုပ်ဆောင်ပေးနေသည်ဟုလည်း​ရေးသားထားသည်။

“ကျနော်တို့ဟာ ဒီနိုင်ငံထဲမှာ ကျနော်တို့ရဲ့ တော်လှန်ရေး၊ နွေဦးတော်လှန်ရေး မအောင်မြင်မချင်း တော်လှန်ရေးထဲမှာ Anonymous ပုံစံမျိုးနှင့် တော်လှန်ရေးရဲ့ အမှန်တကယ် လိုအပ်တဲ့နေရာက ရှိနေမှာပါ။ ဘာလို့ဆို ကျနော်တို့တော်လှန်ရေးဟာလည်း လမ်းခုလတ်ထဲမှာပဲ ရှိနေသေးတာမို့ပါ” ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်။

AA အနေဖြင့် တော်လှန်ရေးတာဝန်ကို ၁၃နှစ်ခန့် တစိုက်မတ်မတ် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသည်ဟုလည်း ၎င်းကဆိုသည်။

“ တော်လှန် ရေးဟာ ဘဝ၊ တော်လှန်ရေးဟာ အသက်ဆိုတဲ့ ခံယူချက်မျိုးနှင့် ကျနော်တို့လူမျိုးတွေရဲ့ အမျိုးသားရေးဆိုင်ရာ နစ်နာချက်၊ ရပိုင်ခွင့် တွေအတွက် တိုက်ပွဲနေကြတဲ့သူတွေမို့ နွေဦးတော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့သူတွေ အကြားမှာ ဒီအချက်တွေဟာ တူညီနေသလို ကျနော်တို့ တော်လှန်ရေးသမား၊ အဖွဲ့အစည်းအချင်းချင်း အကြားမှာ ပေါင်းစပ်၊ ပေါင်းကူ၊ ပေါင်းစု၊ ပေါင်းလုပ်၊ ပေါင်းတိုက် လို့ရတဲ့ ဘုံစုရပ် ဆုံမှတ်တွေရှိပြီးသားပါ။ ကျနော်တို့ဟာ အဲ့နေရာတွေမှာ အမြဲရှိနေပါတယ်။ ဘယ်အချိန်မဆို လာရှာလို့ ရပါတယ်” ဟုဒေါက်တာညိုထွန်းအောင်က ပြောသည်။

ထို့ပြင် ဦးမင်းကိုနိုင်မေးထားသည့် သံပြိုင်သီဆိုမည့် တေးနာမည်ကို ဦးမင်းကိုနိုင်တို့ဘက်က ရွေးချယ်ခြင်းက ပိုကောင်းကြောင်း ဒေါက်တာညိုထွန်းအောင်က ပြောသည်။

“ဒီနေ့ကတော့ ၂၀၂၃ ခုနှစ်၊ နှစ်သစ်အစရက်ဖြစ်သလို နှစ်သစ်နေ့ဖြစ်တာမို့ ဒီနိုင်ငံထဲက စစ်ဘေးဒဏ်၊ ပြည်တွင်းစစ်ဒဏ်သင့် ပြည်သူတွေအတွက်လည်း ဒီစနစ်ဆိုးကြီးအောက်က အမြန်ဆုံးကင်းလွတ်နိုင်ကြဖို့ဆုတောင်းပေးလိုက်ပါတယ်” ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်။

ထိုသို့ ဦးမင်းကိုနိုင်နှင့် ဒေါက်တာညိုထွန်းအောင်တို့က စာများအပြန်အလှန်ရေးပြီး နွေဦးတော်လှန်ရေး အကြောင်း ပြောဆိုခြင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် AA အကြား ပူးပေါင်းဆောင်ရွက်မှုကို အများအား အသိပေး ထုတ်ဖော်ခြင်းဖြစ်သည်ဟု မြင်ကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

”အဓိကတော့ မြန်မာ့နွေဦးတော်လှန်ရေးမှာ အေအေကပါဝင်နေတာကို တရားဝင်ထုတ်ဖော် မပြောခဲ့ပေမယ့် နိုင်တဲ့ဖက်ကပါဝင်နေတယ်ဆိုတာကို NUGနဲ့ULA ကြား နှစ်ဖက်တာဝန်ရှိသူတွေက ယဥ်ယဥ်လေးထုတ်ပြောလာကြတာပါ။လာမယ့်အချိန်တွေမှာပိုပြီးနားလည်မှုရှိစွာ ပူးပေါင်းဆောင်ရွက်လာကြမယ်ဆိုတာ တစ်ကမ္ဘာလုံးသိအောင် ထုတ်ပြောကြတာလို့မြင်ပါတယ်။အဓိက NDAA ကြောင့်လည်းပါမယ်ထင်ပါတယ်” ဟု ရခိုင်ဒေသခံက ပြောသည်။

AAသည် ၂၀၂၀ ရွေးကောက်ပွဲကာလကစပြီး စစ်ကောင်စီနှင့် အပစ်ရပ်ခဲ့ရာ ၂၀၂၂ နှစ်လယ်တွင် နှစ်ဖက်စစ်ရေးတင်းမာမှု ပိုမိုမြင့်တက်လာကာ တိုက်ပွဲများပြင်းထန်ခဲ့သည်။ ၂လခန့် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် ၂၀၂၂ နိုဝင်ဘာလ နောင်းပိုင်း၌ အပစ်အခတ်ရပ်စဲရေး ထပ်မံပြုလုပ်ခဲ့သည်။ အဆိုပါ အပစ်အခတ်ရပ်စဲရေးမှာ စစ်ကောင်စီတပ်က ရခိုင်လူထုအား နည်းမျိုးစုံဖြင့် ပိတ်ဆို့ဖြတ်တောက်မှုများ လုပ်ဆောင်နေသည့် အခြေအနေတွင် လူသားချင်းစာနာထောက်ထားမှု အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း AAက အသိပေးထားသည်။

AAက ထိုသို့ စစ်ကောင်စီနှင့် အပစ်ရပ်ခဲ့သော်လည်း AA အပေါ် သံသယမရှိကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်က မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ပြီး တချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အားလုံး တိုက်ပွဲတွင် ပါလာမည်ဟု ပြောဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

AA အနေဖြင့် ယခင်ရပ်တည်ချက်အတိုင်းဖြစ်ပြီး ပြည်သူများကို အကာအကွယ်ပေးကာ အပြစ်ရှိသူများကို အရေးယူမည်ဟု ပြောသည်။

သတင်း

မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာ၏ အရှေ့ဘက် တွင်လည်း ဧပြီ ၁၀ရက်က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၆ဦးသေဆုံးပြီး၈ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။